တေးသံရှင်စည်သူလွင်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်မည်

တေးသံရှင်စည်သူလွင်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်မည်
Published 8 October 2018

တေးသံရှင် စည်သူလွင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲတွင် တေးသံရှင်စည်သူလွင်က ဂီတသက်တမ်းတစ်လျှောက် ထင်ရှားအောင်မြင်ခဲ့သည့် တေးသီချင်းများအား ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ပွဲကိုလုပ်ဖို့ ခဏခဏတိုက်တွန်းကြတဲ့သူတွေလည်းရှိတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အမှတ်တရပွဲလေး အနေနဲ့ လုပ်ချင်တာကြောင့် စီစဉ်ဖြစ်တာပါ။ ဒီပွဲမှာ ဂီတသက်တမ်းတစ်လျှောက် ပရိသတ်တွေနဲ့ အမှတ်တရရှိခဲ့တဲ့ သီချင်းတွေဆိုမယ်။ သီချင်းတွေကိုတော့ အရင်ဆိုခဲ့တဲ့ ပုံစံအတိုင်းမဟုတ်ဘဲ Version ပြောင်းပြီးဆိုတာမျိုး၊ ပုံစံတစ်မျိုး တင်ဆက်တာမျိုးတွေလုပ်ဖို့ စိတ်ကူးထားတာတွေ ရှိတယ်။ အဓိကတော့ ပရိသတ်တွေနဲ့ အမှတ်တရဖြစ်မယ့် ပွဲလေးဖြစ်ဖို့ စီစဉ်သွားပါမယ်။ သီချင်းတိုက်တာတွေလည်း ဒီလကုန်လောက်မှစဖြစ်မယ်။ စိတ်ကူးထားတာတွေတော့ ရှိပါတယ်” ဟု တေးသံရှင်စည်သူလွင်က ဆိုသည်။

တေးသံရှင်စည်သူလွင်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများအား ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပြီး ယခု ဖျော်ဖြေပွဲတွင်မူ ယခင်ပြုလုပ်ခဲ့သည့်ပွဲများနှင့် ပုံစံကွဲပြားသည့် ပွဲတစ်ပွဲအဖြစ် တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ တေးသံရှင်စည်သူလွင်သည် ဂီတလောကအတွင်း ဆယ်စုနှစ်နှစ်ခုကျော်ခန့် ဖြတ်သန်းခဲ့ပြီးသူဖြစ်ကာ အောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုထားသူ ဖြစ်သည်။

Most Read

Most Recent