တေးသံရှင်ဇော်ဝင်းထွဋ်၏ တေးသီချင်းသစ်များ ပါဝင်မည့် မီနီအယ်လ်ဘမ်သစ် သီတင်းကျွတ်မတိုင်မီ ထွက်ရှိမည်

တေးသံရှင်ဇော်ဝင်းထွဋ်၏ တေးသီချင်းသစ်များ ပါဝင်မည့် မီနီအယ်လ်ဘမ်သစ် သီတင်းကျွတ်မတိုင်မီ ထွက်ရှိမည်
Published 8 October 2018

တေးသံရှင်ဇော်ဝင်းထွဋ် ဖျော်ဖြေပွဲတစ်ခုတွင် သီဆိုဖျော်ဖြေနေစဉ်

တေးသံရှင်ဇော်ဝင်းထွဋ်၏ ရော့ခ်ဂီတ အမျိုးအစား တေးသီချင်းသစ် ငါးပုဒ်ပါဝင်မည့် မီနီအယ်လ်ဘမ်တစ်ခွေအား သီတင်းကျွတ်ကာလမတိုင်မီတွင် ဖြန့်ချိသွားရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းတေးသီချင်းများအား တေးသံရှင်ဇော်ဝင်းထွဋ်က အချိန်ယူ စီစဉ်ခဲ့ခြင်းဖြစ်ကာ တေးသီချင်းသစ် မထွက်ရှိဖြစ်သည်မှာ ခုနစ်နှစ်ကြာမြင့်ခဲ့ပြီးမှသာ ထွက်ရှိသည့် အခွေလည်းဖြစ်သည်။

“သီချင်းသစ် မထွက်ဖြစ်တာလည်း တော်တော်လေး ကြာသွားပြီ။ ဒီကြားထဲတော့ သီချင်းသစ်နားထောင်ချင်တဲ့ ပရိသတ်တွေအတွက် ထွက်မယ်ဆိုပြီး စီစဉ်ဖြစ်တာပါ။ အခွေသစ်က သီချင်းငါးပုဒ်လောက်ပါမယ်။ မီနီအယ်လ်ဘမ်အနေနဲ့ ထွက်မှာပါ။ သီချင်းအားလုံးကတော့ ရော့ခ်ဂီတပါပဲ။ ကျွန်တော်တို့က ရော့ခ်ဂီတနဲ့ပဲ ဖြတ်သန်းလာတဲ့အခါကျတော့ ရော့ခ်ဂီတကိုပဲ ဖန်တီးဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ထွက်ဖြစ်မှာပါ။ ရှိုးတွေကတော့ မန္တလေးမှာ သီတင်းကျွတ်တစ်ပွဲရှိမယ်။ တန်ဆောင်တိုင်မှာတော့ ဆေးပေါင်းခတဲ့ညက ထုံးစံအတိုင်းပဲ လုပ်ဖြစ်မှာပါ” ဟု တေးသံရှင်ဇော်ဝင်းထွဋ်က ဆိုသည်။

တေးသံရှင်ဇော်ဝင်းထွဋ်သည် တေးသီချင်းသစ်များ မထွက်ရှိဖြစ်သည်မှာ ကြာမြင့်ခဲ့ပြီးနောက် ယခင်နှစ်က ဂီတခရီးလမ်းတစ်လျှောက် သီဆိုအောင်မြင်ခဲ့သည့် တေးသီချင်းအချို့အား စုစည်းကာ ထွက်ရှိခဲ့သည်။ ယခုနှစ်တွင်မူ တေးသီချင်းသစ်ငါးပုဒ် ပါဝင်သည့် မီနီအယ်လ်ဘမ်အားထွက်ရှိရန် စီစဉ်ထားခြင်းဖြစ်သည်။

တေးသံရှင်ဇော်ဝင်းထွဋ်နှင့် အင်ပါယာတီးဝိုင်းတို့သည် သီတင်းကျွတ်ကာလတွင် အခြားတေးသံရှင်အချို့ ပါဝင်စေ၍ ‘ရော့ခ်တစ္ဆေ’ ဟု အမည်ပေးထားသော ဂီတဖျော်ဖြေပွဲအား မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကာ တန်ဆောင်တိုင်တွင် ဆေးပေါင်းခတဲ့ညအား ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent