Girls' Generation အဖွဲ့ဝင် ယူရီ၏ ပွဲဦးထွက် မီနီအယ်လ်ဘမ်ကို လာမည့်သီတင်းပတ်တွင် ဖြန့်ချိမည်

Girls' Generation အဖွဲ့ဝင် ယူရီ၏ ပွဲဦးထွက် မီနီအယ်လ်ဘမ်ကို လာမည့်သီတင်းပတ်တွင် ဖြန့်ချိမည်
Published 28 September 2018

ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ Girls' Generation ၏ အဖွဲ့ဝင် ယူရီ၏ ပွဲဦးထွက် တစ်ကိုယ်တော် မီနီအယ်လ်ဘမ်ကို လာမည့်သီတင်းပတ်တွင် ဖြန့်ချိမည်ဟု ၎င်း၏အေဂျင်စီ SM Entertainment က စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၄ ရက်တွင် ဖြန့်ချိမည့် The First Scene မီနီအယ်လ်ဘမ်သည် ယူရီအတွက် တစ်ကိုယ်တော်အဆိုတော်အဖြစ် ဂီတလောကသို့ ဝင်ရောက်သည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမည်ဟု SM Entertainment က ထုတ်ပြန်ခဲ့သည်။

ယင်းမီနီအယ်လ်ဘမ်တွင် သီချင်းခြောက်ပုဒ် ပါဝင်မည်ဖြစ်သည်။ ယူရီသည် တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ယူရီသည် သရုပ်ဆောင်အဖြစ်လည်း အနုပညာအလုပ်ကို ချဲ့ထွင်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲများ၊ ဇာတ်ကားများနှင့် ရုပ်သံအစီအစဉ်များတွင် ပါဝင်ခဲ့သည်။

ယူရီအဓိကဇာတ်ကောင်အဖြစ် ပါဝင်သည့် ရုပ်သံဇာတ်လမ်းတွဲ Dae Jang Geum Is Watching ကို အောက်တိုဘာ ၁၁ ရက်တွင် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

၎င်းသည် အကြိမ် (၅၀) မြောက် Baeksang ဆုပေးပွဲတွင် No Breathing ဇာတ်ကားဖြင့် ရေပန်းအစားဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့သည်။

ယူရီသည် ၂၀၀၇ ခုနှစ်တွင် Girls' Generation အဖွဲ့ဝင်အဖြစ် ဂီတလောကကို ဝင်ရောက်ခဲ့သည်။ Girls' Generation ၏ အဖွဲ့ခွဲဖြစ်သော Oh!GG ၏ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည်။

တေးယွန်၊ ဆန်နီ၊ ယိုယွန်း၊ ယူရီနှင့် ယိုးနတို့ ပါဝင်သည့် ယင်းအဖွဲ့၏ ပွဲဦးထွက်သီချင်း Lil' Touch ကို စက်တင်ဘာ ၅ ရက်တွင် ဖြန့်ချိခဲ့သည်။

Girls' Generation အဖွဲ့ဝင်များဖြစ်သည့် တစ်ဖနီ၊ ဆိုယောင်းနှင့် ဆိုယွန်းတို့သည့် SM Entertainment နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အေဂျင်စီအသစ်များနှင့် စာချုပ်ချုပ်ဆိုခဲ့သော်လည်း အဖွဲ့ဖျက်သိမ်းမည် မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။ Girls' Generation အဖွဲ့၏ အနာဂတ်ဂီတ လှုပ်ရှားမှုများကိုမူ ဆွေးနွေးနေဆဲဖြစ်သည်။

Most Read

Most Recent