ကိုယ်ပိုင်ခံယူချက်နှင့် သဘောထားကို ယုံကြည်မှုရှိရန် ကမ္ဘာတစ်ဝန်းရှိ လူငယ်များကို BTS အဖွဲ့က တိုက်တွန်း

ကိုယ်ပိုင်ခံယူချက်နှင့် သဘောထားကို ယုံကြည်မှုရှိရန် ကမ္ဘာတစ်ဝန်းရှိ လူငယ်များကို BTS အဖွဲ့က တိုက်တွန်း
Published 26 September 2018

ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ BTS က စက်တင်ဘာ ၂၄ ရက်တွင် ကုလသမဂ္ဂ၌ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာတစ်ဝန်းရှိ လူငယ်များအား ကိုယ်ပိုင်ခံယူချက်နှင့် သဘောထားကို ယုံကြည်မှုရှိရန် တိုက်တွန်းပြောကြားခဲ့သည်။

“သင်က ဘယ်သူ၊ ဘယ်ကလာတယ်၊ သင့်ရဲ့အသားအရောင်နဲ့ ကျား၊ မ ဆိုတာတွေက ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြောကြားပါ၊ ကိုယ့်နာမည်နဲ့ ကိုယ့်ခံယူချက်ကိုသာရှာပါ” ဟု အဖွဲ့ဝင်ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသော BTS အဖွဲ့၏ခေါင်းဆောင် ကင်နမ်ဂျွန်က ကုလသမဂ္ဂတွင် ပြုလုပ်သည့် ယူနီဆက်ဖ်၏ Generation Unlimited အစီအစဉ် စတင်မှု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်သည့် ယင်းစီမံချက်ကို ကုလသမဂ္ဂ၌ ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ပတ်လည် အစည်းအဝေးအတွင်း စတင်ခဲ့ခြင်းဖြစ်သည်။

မိမိ၏ငယ်ဘဝကို ကိုရီးယားနိုင်ငံ၏ မြို့ငယ်လေးတွင် ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြောင်း၊ ကမ္ဘာကိုကယ်တင်မည့် သူရဲကောင်းတစ်ဦးအဖြစ် ငယ်စဉ်က စိတ်ကူးယဉ်ခဲ့ဖူးကြောင်း RM ဟု လူသိများသည့် ကင်နမ်ဂျွန်က ပြောကြားခဲ့သည်။

“ကျွန်တော့်အသက် ကိုးနှစ်၊ ၁၀ နှစ် အရွယ်မှာ လူတွေက ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ကြမလဲဆိုတာကို စိုးရိမ်စပြုလာတယ်။ အဲဒီအချိန်ကစပြီး အခြားသူတွေလုပ်ခဲ့တဲ့ ပုံစံခွက်ထဲကို ကိုယ်ကိုယ်တိုင်ဝင်ဖို့ ကြိုးစားခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

BTS အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီးနောက် ၎င်းတို့ကို အလားအလာ မရှိသောသူများအဖြစ် လူအများစုက တွေးထင်ခဲ့သောကြောင့် ကြားကာလတွင် အဖွဲ့မှနုတ်ထွက်ရန် ကြိုးပမ်းခဲ့ဖူးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“အခုချိန်မှာတော့ BTS က ဧရာမအားကစားကွင်းတွေမှာ ဖျော်ဖြေရပြီး အယ်လ်ဘမ်ချပ်ရေ သန်းနဲ့ချီ ရောင်းချရတဲ့အဖွဲ့ ဖြစ်လာပါပြီ” ဟု အသက် ၂၄ နှစ်အရွယ်ရှိ ကင်နမ်ဂျွန်က ဆိုသည်။

“ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်ဆိုတာကို ကျွန်တော်တို့ သင်ယူခဲ့တယ်။ ကျွန်တော် အမှားတွေလုပ်ခဲ့တယ်။ ကျွန်တော့်မှာ စိုးရိမ်ထိတ်လန့်စရာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်လက်ခံပြီး ကြိုးစားခဲ့တယ်။ ဒါကြောင့် သင်တို့လည်း ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ဖို့ တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent