The House with a Clock က မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာ

The House with a Clock က မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာ
Published 25 September 2018

Photo: AP

ချောက်ချားစရာကောင်းပြီး ဟာသနှောထားသည့် The House with a Clock in its Walls ရုပ်ရှင်သည် မျှော်မှန်းထားသည် ထက်သာလွန်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြောက်အမေရိက၏ ဝင်ငွေအကောင်းဆုံး ဖြစ်လာခဲ့သည်။ Universal မှ ထုတ်လုပ်ပြီး မိသားစု လိုက်ကြည့်နိုင်သော The House with a Clock in its Walls သည် စတင်ပြသသည့် ပထမဆုံးသုံးရက်အတွင်း ဝင်ငွေ ဒေါ်လာ ၂၆ ဒသမ ၉ သန်း ရရှိခဲ့သည်။

ဇာတ်လမ်းမှာ စုန်းတစ်ဦးဖြစ်သည့် ဦးလေးထံသို့ ပို့ခံလိုက်ရသော မိဘမဲ့ကလေးတစ်ဦးအကြောင်း ဖြစ်သည်။ ယင်းရုပ်ရှင်ထဲ၌ ဂျက်ဘလက်၊ ကိတ်ဘလန်ချက်တို့နှင့်အတူ မိဘမဲ့ကလေးနေရာမှ အိုဝင်ဗက်ကာရိုတို့က ပါဝင် သရုပ်ဆောင်ထားသည်။ နိုင်ငံတကာ၌ ပြသရာတွင်လည်း ဒေါ်လာ ၈ ဒသမ ၇ သန်း ရရှိထားပြီ ဖြစ်သည်။

အမျိုးသမီး ဘလော့ဂါတစ်ဦးက သူငယ်ချင်း ပျောက်ဆုံးမှုကို ရှာဖွေသည့်ဇာတ်ကြောင်းဖြစ်သော A Simple Favor ရုပ်ရှင်သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စာရင်း၏ ဒုတိယနေရာသို့ ခုန်တက်လာခဲ့ပြီး ဝင်ငွေဒေါ်လာ ၁၀ ဒသမ ၄ သန်း ရရှိခဲ့သည်။

Warner Bros မှ ထုတ်လုပ်သော The Nun ရုပ်ရှင်မှာမူ ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၁၀ ဒသမ ၃ သန်း ရရှိပြီး စာရင်း၏ တတိယနေရာသို့ ဆင်းသွားခဲ့သည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်က ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးတွင် ရှိနေခဲ့သော The Predator မှာမူ နံပါတ်လေးနေရာသို့ ကျဆင်းသွားပြီး ဝင်ငွေဒေါ်လာ ၈ ဒသမ ၇ သန်း ရရှိထားသည်။ Fox မှ ထုတ်လုပ်သော The Predator ၏ မူလရုပ်ရှင်တွင် အာနိုးရှဝါဇင်နင်ဂါ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခု The Predator ကို ဒေါ်လာ သန်း ၈၀ ကျော် အကုန်အကျခံ ရိုက်ကူးထားသော်လည်း မျှော်မှန်းထားသလောက် ဝင်ငွေပြန်မရသေးပေ။

နာမည်ကျော်ရုပ်ရှင် Crazy Rich Asians သည် လက်ရှိအချိန်အထိ စာရင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်နေဆဲဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေဒေါ်လာ ၆ ဒသမ ၅ သန်း ရရှိခဲ့သည်။ လွန်ခဲ့သည့် ခြောက်ပတ်ကတည်းက စတင်ပြခဲ့ခြင်းဖြစ်ပြီး အာရှသရုပ်ဆောင်များသာ အဓိကပါဝင်ထားသော Crazy Rich Asians သည် မြောက်အမေရိက ဒေသတစ်ခုတည်းမှာပင် ဝင်ငွေဒေါ်လာ ၁၅၉ ဒသမ ၄ သန်း ရရှိထားပြီဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အကြောင်း အဓိက ဇာတ်အိမ်တည် ရိုက်ကူးထားသော မိုက်ကယ်မိုး၏ Fahrenheit 11/9 သည် လူစိတ်ဝင်စားမှု သိသိသာသာ နည်းခဲ့ပြီး စတင်ပြသသည့် သီတင်းပတ်မှာပင် ဝင်ငွေဒေါ်လာ ၃ ဒသမ ၁ သန်းသာရရှိကာ စာရင်း၏ နံပါတ်ရှစ်နေရာတွင် ရှိနေခဲ့သည်။

Most Read

Most Recent