နှင်းဆီဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် နှင်းဆီအငြိမ့်ကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တင်ဆက်ရန် စီစဉ်ထား

နှင်းဆီဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် နှင်းဆီအငြိမ့်ကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ တင်ဆက်ရန် စီစဉ်ထား
Published 24 September 2018

ယခင်နှစ်က ပြုလုပ်ခဲ့သည့် နှင်းဆီအငြိမ့် တင်ဆက်မှု မြင်ကွင်း

နှင်းဆီဖောင်ဒေးရှင်း ရန်ပုံငွေပွဲအဖြစ် နှင်းဆီအငြိမ့်ကို နှစ်ကုန်ပိုင်းတွင် တင်ဆက်ရန် စီစဉ်ထားသည်ဟု သိရသည်။ ယင်းအတွက် နှင်းဆီအဖွဲ့သားများ စုစည်းကာ အချိန်ယူ ပြင်ဆင်သွားမည်ဖြစ်ပြီး နှင်းဆီအငြိမ့် တင်ဆက်မည့် အချိန်နှင့်နေရာကို ပရိသတ်များထံ ပြန်လည် အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နှင်းဆီအငြိမ့်က ဦးမျိုးတို့ တစ်နှစ်ကိုတစ်ကြိမ် အမြဲကဖြစ်နေတာဆိုတော့ ဒီနှစ်ကုန်မှာလည်း တစ်ပွဲတော့ကဖို့ စီစဉ်ထားတယ်။ ဒီပွဲကလည်း ရန်ပုံငွေပွဲပဲဖြစ်မှာပါ။ အခုက နှင်းဆီအဖွဲ့သားတွေ မစုံကြသေးဘူး။ အားလုံးဆုံကြတဲ့အခါတော့ သေချာပြင်ဆင် တိုင်ပင်ဆွေးနွေးသွားမယ်။ ကမယ့်ရက်နဲ့ နေရာကိုတော့ ပရိသတ်တွေကို အသိပေးသွားပါမယ်။ နှင်းဆီရဲ့ ထုံးစံအတိုင်းပဲ အကောင်းဆုံးသော ပြက်လုံးတွေ၊ ပရိသတ်တွေကြားက အကြောင်းအရာတွေကို ထင်ဟပ်နိုင်မယ့် ပြက်လုံးတွေဖြစ်အောင် ကြိုးစားတင်ဆက်ကြမှာပါ” ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဆိုသည်။

အကယ်ဒမီနေတိုးက “ကျွန်တော်တို့ နှင်းဆီအငြိမ့်က နှစ်ကုန်ပိုင်းလောက် ကဖို့ရှိပါမယ်။ နှင်းဆီဖောင်ဒေးရှင်း ရန်ပုံငွေအတွက်ပဲ ဖြစ်ပါမယ်။ ကမယ့်ရက်၊ နေရာကိုတော့ အားလုံးတိုင်ပင် ညှိနှိုင်းပြီးတဲ့အခါ ပရိသတ်တွေကို အသိပေးပါမယ်။ နှင်းဆီအငြိမ့်အတွက် ပြက်လုံးတွေကတော့ ဒီကြားထဲ အချင်းချင်းဆုံရင်လည်းပြောဖြစ်၊ မှတ်သားဖြစ်တာတွေရှိမယ်။ ပွဲနီးလာတဲ့ အခါလည်း update ဖြစ်မယ့် အကြောင်းအရာမျိုးကို ကပြမယ့်ရက်အထိကို အမြဲတမ်း စဉ်းစားထည့်သွင်းတာမျိုးတွေ ရှိမှာပါ။ အဓိကတော့ ရယ်မောပျော်ရွှင်ရုံတင် မဟုတ်ဘဲ အတွေးလေးတစ်ခုခု စဉ်းစားစရာလေး တစ်ခုခုပါ ရရှိစေဖို့ ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

နှင်းဆီအငြိမ့်အဖွဲ့ကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင် တင်ဆက်ခြင်းဖြစ်ပြီး အကယ်ဒမီမင်းမော်ကွန်း၊ အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီထွန်းထွန်း၊ ရဲလေးတို့က လူရွှင်တော်များအဖြစ် တင်ဆက်ခြင်းဖြစ်သည်။ မင်းသမီးများအဖြစ် ဖူးစုံ၊ မိုးယုစံ၊ မေကဗျာ၊ ဝါဆိုမိုးဦး စသူတို့ ပါဝင်တင်ဆက်လျက်ရှိသည်။ ယခုနှစ်တွင် ကပြတင်ဆက်မည့် နှင်းဆီအငြိမ့်အတွက်လည်း အချိန်ယူ ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ နှင်းဆီအငြိမ့်ကို တင်ဆက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ဖြစ်သည်။

Most Read

Most Recent