Warner Bros တွင် မင်းသန့်မောင်မောင်၏ ကျောင်းဆင်း လက်ရာဇာတ်ကားအား ပါဝင်ပြသခွင့်ရရှိပြီး မိဘများဖြစ်သည့် ဒါရိုက်တာအကယ်ဒမီစင်ရော်မောင်မောင်နှင့် အကယ်ဒမီမေသန်းနုတို့ တက်ရောက်လျက်ရှိ

Warner Bros တွင် မင်းသန့်မောင်မောင်၏ ကျောင်းဆင်း လက်ရာဇာတ်ကားအား ပါဝင်ပြသခွင့်ရရှိပြီး မိဘများဖြစ်သည့် ဒါရိုက်တာအကယ်ဒမီစင်ရော်မောင်မောင်နှင့် အကယ်ဒမီမေသန်းနုတို့ တက်ရောက်လျက်ရှိ
Published 22 September 2018

Warner Bros တွင် မင်းသန့်မောင်မောင်၏ ကျောင်းဆင်း လက်ရာဇာတ်ကားအား ပါဝင်ပြသခွင့်ရရှိပြီး မိဘများဖြစ်သည့် အကယ်ဒမီဒါရိုက်တာစင်ရော်မောင်မောင် နှင့် အကယ်ဒမီမေသန်းနုလည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။ ကျောင်းဆင်းပွဲ အကြိုအဖြစ် ကျောင်းဆင်းလက်ရာဇာတ်ကားများပြသခြင်းကို အမေရိကန်နိုင်ငံရှိ Warner Bros ၌ စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဘွဲ့ယူခြင်းအခမ်းအနားကို စက်တင်ဘာ ၂၂ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားသို့ တက်ရောက်ရန်အတွက် အကယ်ဒမီ ဒါရိုက်တာစင်ရော်မောင်မောင်နှင့် အကယ်ဒမီ မေသန်းနုတို့သည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေကြခြင်းလည်းဖြစ်သည်။

“မင်းသန့်ရဲ့ ကျောင်းဆင်းလက်ရာ ဇာတ်ကားကို Warner Bros မှာ ပြသခွင့်ရတယ်။ သားအတွက် အရမ်းလည်းဂုဏ်ယူမိသလို ပီတိလည်းဖြစ်ရပါတယ်။ အနှစ်နှစ်အလလက ကျွန်တော်တို့သားအဖရဲ့မျှော်လင့်ချက်အိပ်မက်တွေ စတင်အကောင်အထည် ပေါ်လာမယ့်အချိန်လည်းဖြစ်ပါတယ်။ သားရဲ့ကျောင်းဆင်းလက်ရာဇာတ်ကား ဖန်တီးမှုမှာလည်း သူလိုအပ်တာကူညီပေးတာကလွဲရင် သူ့စိတ်ကူးအတိုင်းပဲ အကောင်းဆုံး အကောင်အထည်ဖော်စေခဲ့တယ်။ သူကိုယ် တိုင် စိတ်တိုင်းကျဖန်တီးခဲ့တဲ့ဇာတ်ကားတစ်ကားကို အခုလိုပြသခွင့်ရတဲ့အချိန်မှာ ခံစားရတဲ့ ပီတိက ဘာနဲ့မှမတူပါဘူး။ စက်တင်ဘာ ၂၂ ရက်မှာတော့ ဘွဲ့ယူတဲ့ အခမ်းအနားကို တက်ရောက်ရမှာဖြစ်ပါတယ်။ သူ့အနေနဲ့ ပညာသင်ကြားမှုပြီးဆုံးတဲ့အခါ ပရိသတ်ချစ်တဲ့၊ အားပေးတဲ့၊ အနုပညာပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ဆက်လက်ကြိုးစားလေ့လာရဦးမှာဖြစ်ပါတယ်။ သား မြန်မာပြည်ပြန်လာတဲ့အခါမှာလည်း ပရိသတ်များက ချစ်ခင် စောင့်ရှောက်ပေးကြပါ။ လိုအပ်တာများကိုလည်း အကြံပြုဝေဖန်ပေးပြီး အားပေးကြပါလို့ ချစ်ခင်လေးစားစွာနဲ့ ပရိသတ်များအားလုံးကို ပြောချင်ပါတယ်” ဟု ဒါရိုက်တာအကယ်ဒမီ စင်ရော်မောင်မောင်က ဆိုသည်။

မိခင်ဖြစ်သူ အကယ်ဒမီမေသန်းနုကလည်း “သားက သူ့ရဲ့ကျောင်းဆင်းလက်ရာ ဇာတ်ကားမှာ ကိုယ်နဲ့ရိုက်ချင်တယ်ဆိုတုန်းကလည်း ပီတိဖြစ်ရတာပေါ့။ သားက ရုပ်ရှင်ပညာနဲ့ပတ်သက်ပြီး သူလေ့လာသင်ကြားထားတဲ့အထဲက သူလိုချင်တာ၊ ဖြစ်ချင်တာကို ပြောတဲ့အခါ ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးတယ်။ အခု ဒီဇာတ်ကား ကို ပြသခွင့်ရပြီဆိုတဲ့အခါ ဝမ်းသာရပါတယ်။ ပညာတွေစုံပြီး အခုလိုကြိုးစားအောင်မြင်တာ မြင်ရတော့ သားအတွက် ပီတိဖြစ်ရပါတယ်။ အနုပညာဆိုတာကတော့ လေ့လာလို့မဆုံးပါဘူး။ အခုက သင်ကြားလေ့လာမှု  အစပဲရှိပါသေးတယ်။ ဒီကိုပြန်ရောက်ရင်လည်း အများကြီးလေ့လာရမှာပါ။ မိခင်တစ်ယောက်အနေ နဲ့ သားကိုမျှော်လင့်တာ၊  ဖြစ်စေချင်တာတွေ အများကြီးပါပဲ” ဟု ဆိုသည်။

အကယ်ဒမီဒါရိုက်တာစင်ရော်မောင်မောင်နှင့် အကယ်ဒမီမေသန်းနုတို့၏ သား ဖြစ်သူ မင်းသန့်မောင်မောင်သည် အမေရိကန်နိုင်ငံတွင် ရုပ်ရှင်တက္ကသိုလ်၌ directing ဘာသာရပ်အား လေ့လာသင်ယူခဲ့ပြီး ယခုအခါ ဘွဲ့ရရှိပြီဖြစ်သည်။

Most Read

Most Recent