သရုပ်ဆောင် အေးမြတ်သူနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အေးမြတ်သူနှင့် တွေ့ဆုံခြင်း
Published 19 September 2018

မြန်မာရုပ်ရှင် အနုပညာလောကမှာ လင်းလက်နေဆဲ အနုပညာငွေကြယ်ပွင့်ကတော့ အေးမြတ်သူ သရုပ်ဆောင်ထားတဲ့ ‘မိုးကောင်းကင်အိပ်မက်များ’ ဇာတ်လမ်းတွဲထဲက နေခြည်ဝင့်ထည်ဇာတ်ကောင်က ပရိသတ်တွေ အားပေးမှုရခဲ့သလို နောက်ထပ်ထုတ်လွှင့် ပြသမယ့် ‘မနေ့ကဖြစ်သည် ၂’ နဲ့ စက်တင်ဘာ တတိယပတ်အတွင်းမှာ ရုံတင်မယ့် ‘၂၄ နာရီတစ်ချစ်’ ဇာတ်ကားတွေမှာလည်း သူရဲ့အနုပညာကို မြင်တွေ့ရဦးမယ့် အေးမြတ်သူနဲ့တွေ့ဆုံခိုက် သူရဲ့အနုပညာနဲ့ အချစ်ရေးအကြောင်း မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

■ မေး - ‘မိုးကောင်းကင်အိပ်မက်’ ဇာတ်ကားထဲက နေခြည်ဝင့်ထည်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အပြောများနေတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ - ဟုတ်ကဲ့။ ‘မိုးကောင်းကင်အိပ်မက်’ ဇာတ်လမ်းတွဲထဲမှာပါတဲ့ နေခြည်ဝင့်ထည် ဇာတ်ရုပ်အပေါ်မှာ ပရိသတ်တွေရဲ့ ဝေဖန်မှုအားပေးမှုကတော့ အမျိုးမျိုးပါပဲ။ တချို့ကလည်း ကိုယ့်အကြောင်းသေချာမသိတော့ အဲဒီဇာတ်ကောင်လိုပဲ အပြင်မှာလည်း အကျင့်ယုတ်မှာပဲလို့ ထင်ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို အထင်ခံရတဲ့အခါမျိုးမှာ ကိုယ်သရုပ်ဆောင်တာပီပြင်လို့ အပြောခံရတယ်ဆိုပြီး ဝမ်းသာရသလို တစ်ဖက်မှာလည်း ကျိတ်ပြီးဝမ်းနည်းရတာပေါ့။ တချို့ကလည်း ကိုယ့်ရဲ့သရုပ်ဆောင်မှု အပေါ်မှာပဲ အားပေးကြတာလည်းရှိတော့ ပျော်ရတယ်။ တချို့တွေကတော့ သရုပ်ဆောင်ကောင်းတာကို ချီးကျူးတယ်။ အမြင်မကြည်တာလည်း မရှိဘူး။ ဒါပေမဲ့ နောက်ထပ်ဒီလိုကားမျိုး ထပ်မရိုက်ပါနဲ့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ အေးမြတ်သူကတော့ ပရိသတ်တွေနဲ့ အနီးစပ်ဆုံး ရှိနေခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ပျော်ပါတယ်။

■ မေး - နောက်ထပ်ရော ဗီလိန်ဇာတ်ကောင်ပုံစံမျိုး ထပ်ပြီးရိုက်ကူးသွားဖို့ရှိလား။

ဖြေ - အေးမြတ်သူ အနေနဲ့ကတော့ ဗီလိန်ဇာတ်ရုပ်မျိုး မရိုက်ဘူးဆိုတာမျိုး မရှိပါဘူး။ တစ်ခုပါပဲ အဲဒီဇာတ်လမ်းက၊ အဲဒီဇာတ်ကောင်က အေးမြတ်သူကို ဘယ်လောက်ထိ ဖမ်းစားနိုင်မလဲဆိုတာပဲ မူတည်ပါတယ်။

■ မေး - မကြာခင် ထုတ်လွှင့်တော့မယ့် ‘မနေ့ကဖြစ်သည် ၂’ မှာရော ဘယ်လိုဇာတ်ကောင်စရိုက်မျိုး ပါဝင် သရုပ်ဆောင်ထားလဲ။ ရှေ့ဇာတ်ကားနဲ့ရော ဘယ်လိုကွာခြားသွားတာမျိုးရှိလဲ။

ဖြေ - ‘မနေ့ကဖြစ်သည် ၂’ မှာတော့ အေးမြတ်သူက ရှေ့ကဇာတ်လမ်းထဲမှာလိုပဲ ဒုရဲအုပ် ခက်ခက်ခိုင်အဖြစ်ပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရှေ့မှာ ပရိသတ်တွေ အားပေးခဲ့ကြတဲ့ ‘မနေ့ကဖြစ်သည်မှာလည်း အေးမြတ်သူက ဒီဇာတ်ရုပ်ပဲဆိုတော့ အဲဒီခံစားမှုကတော့ ကိုယ့်ဆီမှာရှိနေတာဆိုတော့ အများကြီးတော့ ပြင်ဆင်ကြိုးစားရတာမျိုး မရှိဘူး။ ဒါပေမဲ့ဇာတ်ကား တစ်ကားလုံးမှာ ဆိုရင်တော့ ရှေ့ကဇာတ်ကားထက် သရုပ်ဆောင်တွေ ပိုများလာတဲ့အတွက် ဇာတ်လမ်းက ပိုပြီးဆွဲဆောင်မှုတွေ လျှို့ဝှက်မှုတွေ ပိုများလာတယ်။ ပြီးတော့ ရှေ့ဇာတ်ကားက ပရိသတ်တွေ အားပေးခဲ့တာဖြစ်လို့ ဒုတိယဇာတ်ကားမှာတော့ အားလုံးက ပိုပြီးကြိုးစားခဲ့ကြပါတယ်။ ပရိသတ်တွေအတွက် ‘မနေ့ကဖြစ်သည် ၂’ ကပိုပြီးဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။

■ မေး - စက်တင်ဘာ ၂၁ ရက်မှာ ရုံတင်ပြသတော့မယ့် ‘၂၄ နာရီတစ်ချစ်’ ဇာတ်ကားမှာ ပါဝင်ထားတဲ့ ဇာတ်ကောင်လေးကိုလည်း မိတ်ဆက်ပေးပါဦး။

ဖြေ - ‘၂၄ နာရီတစ်ချစ်’ ဇာတ်ကားမှာ အေးမြတ်သူက ရပ်ကွက်ထဲက ဂေါ်မစွံ အပျိုကြီးဖြစ်ပေမယ့် ဘယ်သူကမေးမေး သူ့မှာရည်းစားရှိတယ်။ သူ့ရည်းစားကို ဘယ်သူမှမမြင်ဖူးသလို ဘယ်သူမှလည်းမသိဘူး။ အဲဒီကနေမှ အလွဲလေးတွေ ဖြစ်တာလေးတွေပါ။

■ မေး - ၂၄ နာရီတစ်ချစ် ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - ဒီဇာတ်ကားလေးက မြလေးအတွက် အမှတ်တရဖြစ်ရတဲ့ ကားလေးတစ်ကား။ ကိုယ့်ကိုယ်ကိုယ် ဟာသမှာမပိုင်နိုင်ဘူးထင်ထားတဲ့အတွက် ဟာသလုပ်ရတဲ့အခါမှာ စိုးရိမ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဒိန်းဒေါင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ကြသူတွေ အားလုံးကြောင့် သေချာလုပ်နိုင်ခဲ့ပါတယ်။ ရိုက်ထားတဲ့နှစ်တွေ ကြာသွားပေမယ့် ဇာတ်လမ်းကတော့ ပရိသတ်အတွက် ရိုးမသွားတဲ့ ဇာတ်လေး၊ အချစ်နဲ့ဟာသဇာတ်လမ်းလေးပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက အကောင်းဆုံး ကင်မရာတွေနဲ့ ရိုက်ခဲ့ပေမယ့် တိုးတက်နေတဲ့ နည်းပညာတွေအရတော့ ဒီနေ့ရဲ့အကောင်းဆုံးဆိုတာကို မမီဘူးပေါ့။ အဲဒီအပေါ်မှာတော့ ပရိသတ်တွေက နားလည်ပေးစေချင်ပါတယ်။

■ မေး - အခုရော အေးမြတ်သူ အပျိုကြီးလို့ ခေါ်နေကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ - ဟုတ်တယ်။ ခေါ်ကြတယ်။ အဲဒီအပေါ် ဘယ်လိုခံစားရလဲဆိုရင် သင်ဇာ့ (သင်ဇာဝင့်ကျော်) စကားကို ငှားပြောရမှာပေါ့။ အပျိုကြီးဆိုတာက တန်ဖိုးရှိတယ်၊ ကိုယ့်အပေါ် သဘောကျတဲ့သူတွေကို မျက်စိစုံမှိတ် တွန်းကန်ပြီးတော့ ရပ်တည်ထားရတာဆိုတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို အေးမြတ်သူ အရမ်းသဘောကျတယ်။ ကိုယ့်ကိုလှောင်တယ်လို့ မခံစားရဘဲ တန်ဖိုးထားတယ်လို့ ခံစားရတယ်။

■ မေး - အပျိုကြီးတွေဆိုရင် ဇီဇာကြောင်တယ်လို့ ပြောတတ်ကြတဲ့အပေါ်ရော ဘယ်လိုထင်လဲ။

ဖြေ - အဲဒီလိုဖြစ်တဲ့ခေတ်က ကျန်ခဲ့ပါပြီ။ အခုခေတ်အပျိုကြီးတွေ အကုန်လုံးက အမြဲတမ်းခေတ်နဲ့ လျော်ညီအောင်နေတယ်။ ခေတ်အမြင်၊ ခေတ်အတွေးရှိတယ်။ ပြီးတော့ ဇီဇာကြောင်တာ မဟုတ်ဘဲ ခေတ်နဲ့အညီ လိုက်နိုင်ကြတဲ့သူတွေ ဖြစ်သလို အချစ်အကြောင်းကိုလည်း တော်တော်ကိုသိတဲ့လူတွေ ဖြစ်သွားကြပြီ။ အရင်တုန်းက အပျိုကြီးဆိုတာက အိမ်တွင်းပုန်းတွေ၊ အခုခေတ်ကတော့ အိမ်တွင်းပုန်းတွေ မဟုတ်ဘူး။ အချစ်အကြောင်း အများကြီး သိနားလည်သွားလို့ အပျိုကြီး ဖြစ်သွားတာ။

■ မေး - အေးမြတ်သူကရော အပျိုကြီးဘဝကိုပဲ ရွေးချယ်ထားလား။

ဖြေ - အေးမြတ်သူ အိမ်ထောင်ပြုမှာပါ။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း အေးမြတ်သူ ဖြစ်ချင်ပါတယ်။ အေးမြတ်သူက အသက် ၃၂ နှစ်မှာ အိမ်ထောင်မပြုဖြစ်ခဲ့တော့ အသက် ၃၅ နှစ်လောက်မှာတော့ အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်။ လက်ရှိမှာလည်း အေးမြတ်သူ ရည်မှန်းထားတဲ့ အိမ်ထောင်ဖက်နဲ့ ကိုယ့်ချစ်သူက တစ်ထပ်တည်းကျတယ်။ ဒါပေမဲ့ ကိုယ်က ကိုယ့်ရဲ့မိသားစုကို လက်မလွှတ်နိုင်သေးဘူး။ အဲဒီအတွက် အေးမြတ်သူ အိမ်ထောင်မပြု ဖြစ်သေးတာပါ။ လက်ရှိ အေးမြတ်သူရဲ့ လက်တွဲဖော်အဖြစ် ရွေးချယ်ထားတဲ့သူကလည်း အနာဂတ်တစ်ခုကို နှစ်ယောက်အတူ အကောင်းဆုံး ပုံဖော်နိုင်မယ့်သူပါပဲ။

■ မေး - အေးမြတ်သူအနေနဲ့ ပရိသတ်တွေပြောချင်တဲ့ စကားရှိရင်။

ဖြေ - အေးမြတ်သူအနေနဲ့ လက်ရှိအချိန်က အရမ်းပျော်ရတဲ့အချိန်ပါ။ ဘာလို့လဲဆိုတော့ အေးမြတ်သူရဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်နေသလို ရုပ်သံဇာတ်လမ်းတွဲတွေလည်း ပြသခဲ့တယ်။ ဆက်ပြီးပြသဖို့လည်း ရှိနေတဲ့အတွက် အေးမြတ်သူအနေနဲ့ ပရိသတ်တွေနဲ့ အနီးဆုံးမှာ ရှိနေတယ်လို့ ခံစားရပါတယ်။ အဲဒီအတွက် အရမ်းလည်းပျော်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ ထပ်ပြီး တွေ့မြင်ရမယ့် ဇာတ်ကားတွေမှာလည်း အေးမြတ်သူကို အားပေးကြပါဦး။ ပရိသတ်တွေအားပေးမှ အေးမြတ်သူတို့က ဇာတ်ကားတွေ ဆက်ပြီးရိုက်ကူးနိုင်မှာပါ။ ပရိသတ်တွေနဲ့ အနီးဆုံးနေရာမှာ အမြဲတမ်း ရှိချင်ပါတယ်။ ဒါကြောင့်လည်း အေးမြတ်သူကို ချစ်ခင်အားပေးကြဖို့ ပရိသတ်တွေကို မေတ္တာရပ်ခံချင်ပါတယ်။

Most Read

Most Recent