ကယ်လီဖိုးနီးယားမှ ဒါရိုက်တာရိုက်ကူးသည့် ‘Invincible’ ဇာတ်ကားတွင် မေမြတ်နိုး ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံရ

ကယ်လီဖိုးနီးယားမှ ဒါရိုက်တာရိုက်ကူးသည့် ‘Invincible’ ဇာတ်ကားတွင် မေမြတ်နိုး ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်ခံရ
Published 18 September 2018

ကယ်လီဖိုးနီးယားမှ ဒါရိုက်တာရိုက်ကူးကာ Fast and Furious 1 မှ မင်းသား Johnny Strong ပါဝင်သည့် ‘Invincible’ ဇာတ်ကားတွင် သရုပ်ဆောင်မေမြတ်နိုးက ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရန် ရွေးချယ်ခံရကြောင်း သိရသည်။ ယင်းဇာတ်ကားကို ထိုင်းနိုင်ငံတွင် သွားရောက် ရိုက်ကူးနေခြင်းဖြစ်ကာ ဒရာမာအက်ရှင် အမျိုးအစားဖြစ်ကြောင်း သိရသည်။

“မြတ်နိုး ဘန်ကောက်ရောက်တုန်းမှာ အခုဇာတ်ကားရိုက်တဲ့ ဒါရိုက်တာက Casting ခေါ်တဲ့ကြော်ငြာ တွေ့တာကြောင့် ဝင်ပြီးလျှောက်ဖြစ်တာပါ။ Casting ဝင်တဲ့အခါ ဗီဒီယို အစမ်းရိုက်ကြည့်ရတယ်။ သူတို့ သရုပ်ဆောင်ခိုင်းတဲ့အတိုင်း လုပ်ပြရတဲ့အခါ ပထမတစ်ကြိမ်မှာတော့ ဒါရိုက်တာက Natural ဖြစ်ဖို့ လိုအပ်တယ်ဆိုတာကြောင့် ထပ်လုပ်ခဲ့ရတယ်။ ဒီအခါ အဆင်ပြေသွားပြီး Casting မှာ ပါဝင်ခဲ့တာပါ။ အခုဒီဇာတ်ကားကို စရိုက်နေပါပြီ။ ဒါရိုက်တာကလည်း သင်ကြားပေးပါတယ်။ ဇာတ်လမ်းအနေအထားအရ ဘန်ကောက်မှာပဲ ရိုက်နေတာပါ။ Production Team ကတော့ ထိုင်းအဖွဲ့တွေပါ။ မရိုက်ခင်မှာတော့ ညှိနှိုင်းမှုတွေလုပ်ပြီး စာချုပ်ချုပ်ဆို ရပါတယ်။ အတွေ့အကြုံကောင်းတွေလည်း အများကြီးရပါတယ်။ မြတ်နိုးရဲ့ Potential ကိုသိမြင်ပြီး Chance ပေးတာဖြစ်တဲ့အတွက် အကောင်းဆုံးလည်း ကြိုးစားနေပါတယ်။ ဇာတ်ကားက ရိုက်နေပါပြီ။ အခုကမြန်မာနိုင်ငံမှာ အလုပ်နည်းနည်းရှိတဲ့အတွက် ခဏပြန်လာတာပါ။ ပြီးရင်ပြန်သွားပြီး လကုန်ထိရိုက်ရမှာပါ။ ဒီဇာတ်ကားကိုတော့ စာချုပ်မှာပါဝင်ထားတဲ့ အချက်တွေအရ ပြသတဲ့အခါ ဘန်ကောက်မှာ Red Carpet Show လုပ်မယ်။ အမေရိကန် အပါအဝင် အခြားနိုင်ငံတွေမှာလည်း ပြသမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက သရုပ်ဆောင် တစ်ယောက်အနေနဲ့ နိုင်ငံတကာနဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့အခါ ကိုယ့်မှာရှိသလောက် အပြည့်အ၀ ကြိုးစားနေပါတယ်” ဟု သရုပ်ဆောင် မေမြတ်နိုးက ဆိုသည်။

သရုပ်ဆောင် မေမြတ်နိုးသည် ‘Invincible’ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်နေခြင်းဖြစ်သည်။ ဇာတ်ကားတွင် ပါဝင်ရန်အတွက် အမူအရာပိုင်းကိုသာ ပြင်ဆင်ရကာ ဇာတ်ကားတစ်ကားလုံးတွင် ဝတ်ဆင်ရသည့် အဝတ်အစား၊ မိတ်ကပ်အပါအဝင် လိုအပ်သည်များအားလုံးကို Production Team အဖွဲ့က ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent