တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း
Published 18 September 2018

ဂီတဖြတ်သန်းမှုတစ်လျှောက်မှ တေးသီချင်းကောင်းများစွာအား သံစုံတီးဝိုင်းဖြင့် တွဲဖက်ကာ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားသည့် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် စက်တင်ဘာ ၁၆ ရက်တွင် ကြိုတင်လက်မှတ်များအား ရောင်းချခဲ့ရာ၌ စတင်ရောင်းချသည့် တစ်နာရီအတွင်းပင် လက်မှတ်များအားလုံး ရောင်းကုန်ခဲ့သည်။ လက်မှတ်မရလိုက်သည့် ပရိသတ်များက ဖျော်ဖြေပွဲအား တစ်ရက်ထပ်တိုးရန် တောင်းဆိုကြသော်လည်း ရက်ထပ်တိုးဖြစ်မည် မဟုတ်တော့ဘဲ ဖျော်ဖြေပွဲကို အမှတ်တရ အခွေတစ်ခွေအဖြစ် ထုတ်ဝေရန်သာ စီစဉ်ထားသည်ဟု သိရသည်။ နှစ်ကာလများစွာ ကြာမြင့်သည်အထိ ပရိသတ်များ၏ သည်းသည်းလှုပ် အားပေးမှုကိုရရှိထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဟု အမည်ပေးထားသော ဖျော်ဖြေပွဲအကြောင်း၊ ပရိသတ်များ စိတ်ဝင်စားနေသည့် Relationship နှင့် ပတ်သက်သည့် သဘောထား ခံယူချက်များအား မေးမြန်းဖြစ်ခဲ့သည်။

■ မေး - အခုလုပ်မယ့် ရှိုးပွဲကို စီစဉ်ဖြစ်ပုံလေး အရင်ပြောပြပါဦး။

ဖြေ - ရည်ရွယ်ထားတာတော့ ကြာပါပြီ။ နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ။ သီချင်းဟောင်းတွေကို သံစုံတီးဝိုင်းနဲ့တီးမယ်။ ရှိုးတစ်ခုလုံးကို တီးဝိုင်းနဲ့ပဲ တီးတာမျိုး မလုပ်ဖူးပါဘူး။ မွေးနေ့ရှိုးတွေမှာ သီချင်း ၁၀ ပုဒ်လောက်ကို တီးဝိုင်းနဲ့တီးတာ၊ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေတာရှိပေမယ့် အများစုကိုတော့ ဒီဂျေပါဖောမန့်စ်နဲ့ တီးတာများပါတယ်။ အခုပွဲမှာတော့ ကျွန်တော့်သီချင်းတွေထဲက သင့်တော်တဲ့ သီချင်းတွေ၊ အမှတ်တရရှိတဲ့ သီချင်းတွေကို ရွေးပြီးဆိုပါမယ်။ အဲဒီလို ရည်ရွယ်ထားတာ နှစ်နှစ်လောက်ရှိပေမယ့် အခုမှပဲ လုပ်ဖြစ်တာပါ။

■ မေး - ပြီးခဲ့သောဇာတ်လမ်းအကျဉ်းလို့ ရှိုးပွဲကို ဘာကြောင့်နာမည်ပေးဖြစ်တာလဲ။

ဖြေ - ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဆိုတာက ဒိတ်ဒိတ်ကြဲထဲမှာပါဝင်တဲ့ ကျွန်တော့်သီချင်းတစ်ပုဒ် နာမည်ပါ။ ဒီသီချင်းက ကျွန်တော့်ဂီတဖြတ်သန်းမှု ဖြစ်စဉ်လေးကို ရေးထားတာပါ။ ကျွန်တော့်သီချင်းလည်းဖြစ်သလို အခုပွဲမှာလည်း ဂီတဖြတ်သန်းမှုတစ်လျှောက်လုံးက သီချင်းတွေကို ဆိုမယ်ဆိုပြီးတော့ ဒီနာမည်ကို ပေးဖြစ်တာပါ။

■ မေး - နှစ်နှစ်လောက် စိတ်ကူးခဲ့တဲ့ပွဲဆိုတော့ ဖျော်ဖြေပွဲအတွက် အကြိုစိတ်ကူး ပြင်ဆင်ထားတာတွေ ရှိမှာပေါ့။

ဖြေ - ဒီပွဲမှာတော့ ကျွန်တော့်ရည်ရွယ်ချက်က Music ကိုပဲ အဓိကထားမယ်။ ရိုးရိုးလေးပေါ့။ ဂီတသက်သက် တင်ဆက်ချင်တာပါ။ သီချင်းအပုဒ်ရေခန့်မှန်းခြေ ၁၀၀ ကျော်လောက် ရှိပါတယ်။ တချို့သီချင်းတွေက Version ပြောင်းမှာရှိသလို တီးတဲ့ Instrument ပြောင်းတာလည်းရှိတယ်။ အပုဒ် ၃၀ ဆိုပါမယ်။

■ မေး - ထိုင်ခုံအရေအတွက် အကန့်အသတ်ဖြစ်နိုင်တဲ့ အမျိုးသားဇာတ်ရုံမှာ လုပ်ဖြစ်တာကရော။

ဖြေ - အမျိုးသားဇာတ်ရုံမှာ သီချင်းဆိုချင်တာက ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်ပါ။ ကျွန်တော်ငယ်ငယ်က ပထမဆုံး သီချင်းစဆိုခဲ့ဖူးတာ အမျိုးသားဇာတ်ရုံမှာပါ။ တစ်ချိန်ကျရင် အဆိုတော်ဖြစ်ခဲ့ရင် အမျိုးသားဇာတ်ရုံမှာ ပွဲလုပ်မယ်လို့ စဉ်းစားခဲ့ဖူးတယ်။ အမျိုးသားဇာတ်ရုံက ထိုင်ခုံကတော့ နည်းနေတာပေါ့။

■ မေး - မွေးနေ့ရှိုးနဲ့ အခုပွဲနဲ့ စိတ်လှုပ်ရှားမှုက ဘယ်လိုကွာခြားလဲ။

ဖြေ - ကျွန်တော့်ဘဝမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးက ဂီတစင်မြင့်ဖျော်ဖြေပွဲတွေပဲ။ စိတ်လှုပ်ရှားမှုက အတူတူပါပဲ။ ငါဆိုရတော့မှာဆိုပြီး ပျော်နေတာ။

■ မေး - ဒီပွဲနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေကို အကြိုပြောချင်တာများ ရှိမလား။

ဖြေ - ကျွန်တော်သီချင်းဆိုလာတာလည်း သက်တမ်းတစ်ခုကြာခဲ့ပြီ။ တချို့သီချင်းအဟောင်းတွေဆို အခုလူငယ်ပရိသတ်တွေ မမီလိုက်တာရှိမယ်။ ၂၀၀၀ လောက်ကတည်းက အားပေးခဲ့တဲ့ ပရိသတ်တွေကလည်း အခုချိန်မှာ လူကြီးတွေဖြစ်နေပြီ။ သူတို့တွေအားလုံးအတွက် ဒီပွဲကိုလုပ်ဖြစ်တာပါ။ လူနည်းနည်းပဲ ကြည့်ခွင့်ရမယ်ဆိုတော့ အခွေထုတ်တာပဲဖြစ်ဖြစ် အွန်လိုင်း ဒါမှမဟုတ် တီဗွီ တစ်ခုခုမှာဖြစ်ဖြစ် ပြဖို့ကြိုးစားပါမယ်။ သေတော့မသေချာသေးဘူး။

■မေး - အခုတလောမှာ Live လွှင့်တာတွေ၊ သီချင်းဆိုပြတာတွေလုပ်တာ တွေ့ရတယ်နော်။

ဖြေ - ကျွန်တော့်ပရိသတ်တွေက ကျွန်တော်နဲ့အတူတူ အမြဲရှိနေတာဖြစ်လို့ ဂုဏ်ယူရသလို ပျော်ရပါတယ်။ တစ်ခါတလေ Live လွှင့်ပြီး သီချင်းဆိုတယ် ဆိုတာလည်း ငယ်ငယ်ကသီချင်းဆိုချင်ရင် အဆောင်ရှေ့မှာ သွားဆိုရတယ်။ ကောင်မလေးအိမ်ရှေ့တွေ ဘာတွေဂစ်တာသွားတီးတယ်။ တစ်ခါတလေ တစ်ယောက်ယောက်ကို ကြားစေချင်တာမျိုးရှိတယ်။ အခုက Facebook ရှိနေတော့ Live လွှင့်လို့ရတယ်။ အနည်းဆုံးတော့ အဲဒီအချိန်မှာ မအိပ်သေးတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရင်ဖွင့်လို့ရတာပေါ့။ ရင်ဖွင့်တယ်ဆိုတာလည်း ခံစားချက်မဟုတ်ပါဘူး။ ဆိုချင် တီးချင်တယ်ဆိုတဲ့ ခံစားချက်ကို လုပ်ဖြစ်တဲ့သဘောပါ။

■ မေး - ပရိသတ်တွေက အသည်းကွဲနေတာလားလို့ စိတ်ပူတာတွေလည်း ရှိတယ်နော်။

ဖြေ - ကျွန်တော် အားမငယ်ရဘူးပေါ့။ အနည်းဆုံးတော့ နေကောင်းတာဖြစ်ဖြစ်၊ နေမကောင်းတာဖြစ်ဖြစ်၊ အသည်းကွဲတာဖြစ်ဖြစ်၊ စိတ်ပူဖော်ရတဲ့သူတွေ ရှိတယ်ဆိုတာက အားမငယ်ရဘူးလေ။ စိတ်လုံခြုံမှုရှိတယ်။ ကျွန်တော့်ပရိသတ်တွေရဲ့ အားပေးမှုတွေက စိတ်လုံခြုံမှု ရစေပါတယ်။

■ မေး - ကိုယ်ပိုင်မိသားစုဘဝတစ်ခု တည်ထောင်ဖို့စိတ်ကူးတဲ့အခါ ပရိသတ်တွေကို ပြန်ငဲ့နေရတာမျိုးရှိလား။

ဖြေ - Personal Life နဲ့ Career Life နှစ်ခုကို သက်သက်စီခွဲဖို့တော့ ငယ်ငယ်ကတည်းက ကြိုးစားပါတယ်။ လောလောဆယ်အထိတော့ Career Life ထဲမှာကို လောဘကြီးပြီး အလုပ်က အတောမသတ်နိုင် ဖြစ်နေတယ်။ ဒီနှစ်စိုင်းစိုင်းရှိုးပြီးရင် နောက်နှစ်ဘာလုပ်မလဲဆိုတာကို ကြိုတိုင်ပင်ပြီးတော့ တက်ကြွနေပြီ။ အလုပ်တွေကို အရမ်းလုပ်ချင်တယ်။ သဘောတရားအရတော့ မျှမျှတတဖြစ်သင့်ပေမယ့် ဒီအချိန်ထိတော့ အလုပ်တွေဘက်ကို ပိုလုပ်ဖြစ်နေတယ်။

■ မေး - ပရိသတ်တွေ သိချင်နေတဲ့ Relationship နဲ့ပတ်သက်ပြီး ပြောပြချင်တာ ရှိမလား။

ဖြေ - ငယ်ငယ်ကတည်းက Personal Life သီးခြားထားလေ့ရှိတဲ့အတွက် Public မလုပ်ချင်ဘူး။ အဓိကပြောနိုင်တာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေ များများဆက်လုပ်ဖြစ်ပါမယ်။

Most Read

Most Recent