အခွန်ရှောင်မှုအတွက် စုံစမ်းစစ်ဆေးခံရပြီးနောက် လူမြင်ကွင်းမှ ဖန်ပင်းပင်း ပျောက်ကွယ်နေ

အခွန်ရှောင်မှုအတွက် စုံစမ်းစစ်ဆေးခံရပြီးနောက် လူမြင်ကွင်းမှ ဖန်ပင်းပင်း ပျောက်ကွယ်နေ
Published 16 September 2018

X – Men  နှင့် Iron Man ဇာတ်ကားများတွင် ပါဝင်ခဲ့သည့် တရုတ်ထိပ်တန်း အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းသည် အခွန်ရှောင်မှုအတွက် စုံစမ်းစစ်ဆေးခံရပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ သီတင်းပတ်များစွာရှိပြီဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဖန်သည် ထိန်းသိမ်းခံထားရသည်ဆိုသော သတင်းများအပါအဝင် ၎င်း၏ကံကြမ္မာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံတွင် ကောလာဟလများပျံ့နှံ့နေသည်။ အသက် ၃၆ နှစ်အရွယ် ဖန်ကို သြဂုတ် ၃၁ ရက်တွင် လော့စ်အိန်ဂျလိစ် လူဝင်မှုကြီးကြပ်ရေးရုံး၌ တွေ့ရှိခဲ့သည်ဟုလည်း ဟောင်ကောင်သတင်းစာ Apple Daily က ဖော်ပြခဲ့သည်။ ဖန်သည် ဂျက်ကီချန်း၏အကြံပေးမှုဖြင့် အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦး၏ ပြောစကားကို  Apple Daily က ကိုးကားဖော်ပြခဲ့သည်။

ထိပ်တန်းအမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်သည့် ဖန်ပင်းပင်းသည် များပြားသည့် အနုပညာကြေးရရှိမှုကိုဖုံးကွယ်ရန် စာချုပ်လိမ်လည် ချုပ်ဆိုခဲ့သည်ဟု ရုပ်သံသတင်းတင်ဆက်သူ Yongyuan က  ဇွန်တွင်အွန်လိုင်း၌ ဖွင့်ချခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ဖန်သည် အခွန်ရှောင်ရန် Cell Phone 2 ဇာတ်ကားအတွက် သရုပ်ဆောင်ကြေးကို စာချုပ်နှစ်ခုဖြင့် ချုပ်ဆိုခဲ့သည်ဟု Cui က ပြောကြားခဲ့သည်။  ယင်းစွပ်စွဲချက် များထွက်ရှိခဲ့ပြီးနောက် ဖန်သည် ဇာတ်ကားရိုက်ကူးမှု သုံးနှစ်ပိတ်ပင်ခံခဲ့ရပြီး တရုတ်နိုင်ငံမှ ထွက်ခွာခွင့်လည်း တားမြစ်ခံခဲ့ရသည်ဆိုသော ကောလာဟလများ ထွက်ရှိခဲ့သည်။

ရိုက်စ်တာသတင်းဌာနက ဖန်ကို  ဆက်သွယ်၍  မရခဲ့ပေ။  ဖန်၏အေးဂျင့်ကို ဖုန်းဆက်မေးမြန်းခဲ့ရာတွင်လည်း မဖြေဆိုခဲ့ပေ။ ဖန်အကြောင်း မေးမြန်းခဲ့မှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက“ဒါကို သံတမန်ရေးရာ မေးခွန်းတစ်ခုလို့ သင်ယူဆလား” ဟု ပြန်လည်ဖြေဆိုခဲ့သည်။ ပေကျင်းပြည်သူ့လုံခြုံရေးဗျူရိုက ယင်းအကြောင်းအရာကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဖန်သည် Follower ၆၂ သန်းရှိသည့် လူမှုမီဒီယာ Weibo တွင်လည်း ပျောက်ကွယ်နေသည်မှာ သုံးလနီးပါးရှိပြီဟု မီဒီယာများက ဖော်ပြခဲ့သည်။ ဖန်သည် Montblance နာရီ၊  De Beers စိန် ကုမ္ပဏီ အပါအဝင် ပြည်ပကုန်ပစ္စည်းများအတွက်လည်း  ကြော်ငြာများရိုက်ကူးပေးခဲ့သည်။ ၎င်းသည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် ဝင်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်စာရင်းတွင် ဒေါ်လာ ၄၃ ဒသမ ၇၈ သန်း ဖြင့် နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent