တေးသံရှင်ဝေလ၏ Live in 360 ဂီတဖျော်ဖြေပွဲအတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ စတင်

တေးသံရှင်ဝေလ၏ Live in 360 ဂီတဖျော်ဖြေပွဲအတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ စတင်
Published 15 September 2018

တေးသံရှင်ဝေလ၏ Live in 360 ဂီတဖျော်ဖြေပွဲအတွက် ဂီတကဗျာသံစုံတီးဝိုင်းနှင့် သီချင်းတိုက်လေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ တေးသံရှင် ဝေလ၏ ပထမဆုံးတစ်ကိုယ်တော်ပွဲဖြစ်သည့် Live in 360 ဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ယင်းအတွက် သီချင်းတိုက်လေ့ကျင့်မှုများအား စတင်ပြုလုပ်နေခြင်း ဖြစ်သည်။ တေးသံရှင်ဝေလသည် ပထမဆုံးထွက်ရှိခဲ့သည့် ၁၉၈၂ အယ်လ်ဘမ်မှစတင်၍ ထွက်ရှိခဲ့ပြီးသည့် တေးအယ်လ်ဘမ်များထဲမှ တေးသီချင်းများကို ရွေးချယ်တင်ဆက်မည် ဖြစ်သည်။

“ကျွန်တော် ဒီပွဲကို မနှစ်ကတည်းက လုပ်ချင်ပေမဲ့ စိုးရိမ်စိတ်လည်းရှိတယ်။ သီချင်းတွေလည်း ပိုများချင်တာကြောင့် အခွေတစ်ခွေ ထပ်ထွက်ပြီးမှပဲ လုပ်ဖို့စီစဉ်ဖြစ်တာပါ။ ကျွန်တော့်သီချင်းတွေကို ပွဲလုပ်တဲ့အခါ ပရိသတ်တွေအတွက် နောက်ထပ် Version အ သစ်တစ်ခုနဲ့ ဆိုပြချင်တာကြောင့် သံစုံတီးဝိုင်းနဲ့ တွဲဖက်ပြီးလုပ်ဖို့ စီစဉ်ဖြစ်တာပါ။ သီချင်းတစ်ပုဒ်ချင်းစီတိုင်းကို ဘယ်လိုလေးတွေ ပြောင်းရင်ပိုကောင်းမလဲ၊ ဘယ်လိုပုံစံပြောင်း တီးကြမလဲဆိုတာကို အသေးစိတ်ညှိနှိုင်း ဖြစ်ပါတယ်။ သီချင်းတိုက်တာတွေတော့ စလုပ်နေပါပြီ။ သီချင်းတွေကတော့ ပထမဆုံးထွက်ခဲ့တဲ့ ၁၉၈၂ ခွေကနေ ထွက်ပြီးသမျှအခွေတွေ အားလုံးထဲက သီချင်းတွေကို ရွေးချယ်ပြီး ဆိုပါမယ်။ စင်ပေါ်မှာဆိုလေ့မရှိတဲ့ သီချင်းလေးတွေလည်း ဆိုမယ်။ ပရိသတ်နားထောင်ချင်တဲ့ သီချင်းတွေလည်း ဆိုဖြစ်မှာပါ” ဟု တေးသံရှင်ဝေလက ဆိုသည်။

Live in 360 ဖျော်ဖြေပွဲအတွက် လက်မှတ်များအား လက်မှတ်ဈေးနှုန်းများကို ကျပ်တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်း၊ VIP ၊ VVIP ဟု သတ်မှတ်ထားကြောင်း သိရသည်။ တေးသံရှင်ဝေလသည် ၁၉၈၂၊ မိတ်ကပ်မကြိုက်သောသီချင်းများ၊ အဓိပတိဖွား၊ အတုများတဲ့ မြို့အယ်လ်ဘမ်များ ထွက်ရှိထားပြီးဖြစ်ကာ အတွဲတေးစီးရီး အချို့တွင် ပါဝင်သီဆိုထားသည်။ တေးသံရှင် ဝေလသည် မိတ်ကပ်မကြိုက်သော သီချင်းများ အယ်လ်ဘမ်ထွက်ရှိပြီးချိန်မှစတင်ကာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူဖြစ်ပြီး ဖျော်ဖြေပွဲများစွာတွင်လည်း ပါဝင်သီဆိုလျက်ရှိသူတစ်ဦးဖြစ်သည်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို စက်တင်ဘာလအတွင်း ပထမဆုံးကျင်းပမည်ဖြစ်ကာ ကိုယ်ပိုင်တီးဝိုင်းဖြစ်သည့် Runner နှင့်အတူ သံစုံတီးဝိုင်းကိုပါ တွဲဖက်ဖျော်ဖြေစေရန် စီစဉ်ထားခြင်း ဖြစ်သည်။ တေးသံရှင်ဝေလသည် လတ်တလောတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းတိုက်လေ့ကျင့်မှုများ စတင်နေပြီ ဖြစ်သည်။

Most Read

Most Recent