အောက်တိုဘာ ၁၄ ရက်တွင်ပြုလုပ်မည့် စိုင်းစိုင်း၏တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် လက်မှတ်များအား စက်တင်ဘာ ၁၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်နှစ်စောင်သာရောင်းချမည်

အောက်တိုဘာ ၁၄ ရက်တွင်ပြုလုပ်မည့် စိုင်းစိုင်း၏တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် လက်မှတ်များအား စက်တင်ဘာ ၁၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်နှစ်စောင်သာရောင်းချမည်
Published 15 September 2018

အောက်တိုဘာ ၁၄ ရက်တွင်ပြုလုပ်မည့် စိုင်းစိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် လက်မှတ်များအား စက်တင်ဘာ ၁၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တစ်ဦးလျှင် လက်မှတ်နှစ်စောင်သာ ရောင်းမည်ဖြစ်ကြောင်း ကြေညာထားသည်။ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်းဟု အမည်ပေးထားသည့်  စိုင်းစိုင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် ဖြတ်သန်းခဲ့သည့် ဂီတခရီးလမ်းတစ်လျှောက် အမှတ်တရရှိခဲ့သည့် တေးသီချင်းများကို စုစည်းသီဆိုမည်ဖြစ်ကာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်မည်ဖြစ်သည်။ စိုင်းစိုင်း၏တစ်ကိုယ်တော်ဖျော်ဖြေပွဲ၌ Dream Lover တီးဝိုင်း၊ ဂီတကဗျာသံစုံတီးဝိုင်းတို့က ဖျော်ဖြေပွဲအစအဆုံးအား ပါဝင်တီးခတ်ပေးမည်ဖြစ်ကာ တေးသီချင်း ၂၇ ပုဒ်မှ ၃၀ ဝန်းကျင် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

“စိတ်ကူးရှိတာက လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်ကတည်းကပါပဲ။ အခုမှပဲ အကောင်အထည်ဖော်ဖြစ်တာပါ။ မွေးနေ့ရှိုး တွေဆိုဖြစ်တဲ့အခါ တီးဝိုင်းနဲ့ တီးခတ်တာမျိုး၊ သံစုံတီးဝိုင်းပါဝင်စေတာမျိုး ရှိတယ်ဆိုပေမဲ့ သီချင်း ၁၀ ပုဒ်လောက်ကိုပဲ အဲဒီလိုလုပ်ဖြစ်တာလေ။ အခုပွဲမှာတော့ သီချင်းအားလုံးကို တီးဝိုင်းနဲ့ သံစုံတီးဝိုင်းပေါင်းစပ်တီးခတ်ပြီး တင်ဆက်သွားပါမယ်။ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းလို့ နာမည်ပေးဖြစ်တာက ဒိတ်ဒိတ်ကြဲအခွေထဲက သီချင်းနာမည်ပါ။ ဒီသီချင်းကလည်း ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ဂီတခရီး  လမ်းတစ်လျှောက်ကို ရေးသားထားတာဆိုတော့ အခု ဒီပွဲကလည်း ဖြတ်သန်းခဲ့တဲ့ ဂီတ ခရီးလမ်းတစ်လျှောက်မှာ အမှတ်တရရှိစေခဲ့တဲ့ သီချင်းတွေကို ဆိုပါမယ်။ သီချင်းတွေကို ဘယ်လိုပုံစံပြောင်းလဲဆိုမလဲ၊ ပြောင်းလဲတင်ဆက်မလဲ၊ Music ပုံစံတွေ ဘယ်လိုပြောင်းသွားမလဲဆိုတာကို အရမ်းလည်းရင်ခုန်နေသလို အရမ်းလည်းပျော်နေပါတယ်။ ဒီပွဲလုပ်မယ်လို့ ကျွန်တော့် Facebook Page မှာ တင်လိုက်ကတည်းက အားလုံးအဆင်သင့်ရှိနေပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးလည်းတင်ပါတယ်။ ဒီပွဲအတွက် ခေါင်းခြောက်ရတာက လက်မှတ်ပါ။ အမျိုးသားဇာတ်ရုံမှာ သီချင်းဆိုချင်တာက ငယ်ဘဝရဲ့ အိပ်မက်ဖြစ်ပေမဲ့ တကယ်တမ်းကြည့်လို့ရနိုင်တဲ့နေရာက အကန့်အသတ်ရှိပါတယ်။ ဒီအတွက် ထိုင်ခုံ ၁၄၆၀ ကိုပဲ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၆ ရက်မှာ လက်မှတ်ရောင်းချပြီး တစ်ယောက်ကို လက်မှတ်နှစ်စောင်ပဲ ရောင်းသွားပါမယ်။ ဘာလို့ ဒီလိုသတ်မှတ်ရသလဲဆိုရင် တစ်ယောက်တည်းက လက်မှတ်တွေ အများကြီးဝယ်ပြီး ကျွန်တော့်ပရိသတ်တွေကို ဈေးတင်ရောင်းခဲ့မယ်ဆိုရင် အသည်းကွဲရမှာပါ” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်းတစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် လက်မှတ်နှုန်းထားများအား ကျပ်တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်းနှင့် VIP ဟု သတ်မှတ်ထားကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲတွင် ဧည့်သည်တေးသံရှင်များ ပါဝင်သီဆို  မည်ဖြစ်သော်လည်း စိုင်းစိုင်း၏တေးသီချင်းများ သီးသန့်သာ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent