Miss America ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ကြည့်ရှုမှုနှုန်း ကျဆင်း

Miss America ပြိုင်ပွဲတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ကြည့်ရှုမှုနှုန်း ကျဆင်း
Published 13 September 2018

Miss America ပြိုင်ပွဲကျင်းပသည့် နှစ် ၉၀ ကျော်အတွင်း ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကဏ္ဍကို ပထမဆုံးအကြိမ် ရပ်ဆိုင်းခဲ့ပြီးနောက် ပရိသတ်ကြည့်ရှုမှုနှုန်း တစ်သန်းခန့် ကျဆင်းခဲ့သည်ဟု Nielsen ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် (၉၂) ကြိမ်မြောက် Miss America ပြိုင်ပွဲကို အေဘီစီရုပ်သံမှ ထုတ်လွှင့်ခဲ့ရာ ပရိသတ်ကြည့်ရှုမှုနှုန်း ၄ ဒသမ ၃၄ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်များအတွင်း Miss America ပြိုင်ပွဲ၏ ပရိသတ် ကြည့်ရှုမှုနှုန်းများသည် တဖြည်းဖြည်း ကျဆင်းခဲ့သော်လည်း ယခုနှစ်သည် ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် ကြည့်ရှုမှုနှုန်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်သည်။

နှစ် ၉၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် Miss America ပြိုင်ပွဲ၏ လူသိများသည့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုကဏ္ဍကို ယခုနှစ်တွင် ရပ်ဆိုင်းမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ၏ ကိုယ်ခန္ဓာသွင်ပြင်ကို အခြေခံပြီး အကဲဖြတ်တော့မည်မဟုတ်ဟု Miss America ဘုတ် အဖွဲ့၏ဥက္ကဋ္ဌ Gretchen Carlson က ဇွန်တွင် ထုတ်ပြန်ခဲ့သည်။ Carlson သည် ၁၉၈၉ ခုနှစ်တွင် Miss America သရဖူကို ဆွတ်ခူးခဲ့သူဖြစ်သည်။

ရေကူးဝတ်စုံ ယှဉ်ပြိုင်မှုနေရာတွင် ပြိုင်ပွဲဝင်များကို အကဲဖြတ်ဒိုင်အဖွဲ့၏ မေးခွန်းမေးမြန်းမှုကဏ္ဍဖြင့် အစားထိုးခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် နယူးဂျာစီပြည်နယ်၌ ကျင်းပခဲ့သည့် Miss America ပြိုင်ပွဲတွင် နယူးယောက်မှ အသက် ၂၅ နှစ်အရွယ်ရှိ နီယာဖရန်ကလင်က သရဖူကို ဆွတ်ခူးခဲ့သည်။

အော်ပရာ အဆိုတော်တစ်ဦးဖြစ်သည့် ဖရန်ကလင်သည် နော့သ်ကာရိုလိုင်းနားဒေသခံတစ်ဦးဖြစ်ပြီး UNC အနုပညာတက္ကသိုလ်မှ ဂီတဆိုင်ရာ မာစတာဘွဲ့ရရှိခဲ့သူဖြစ်သည်။ လူမည်းတစ်ဦးဖြစ်သည့် ဖရန်ကလင်က မိမိ၏ကိုယ်ပိုင်လက္ခဏာကို ရှာဖွေရန် ဂီတက အထောက်အကူပြုခဲ့ကြောင်းကို ပြိုင်ပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

Most Recent