ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ်ဖြင့် ပရိသတ် ပိုမိုအားပေးစေခဲ့သူ သရုပ်ဆောင်အလင်းရောင်၏ ငယ်ဘ၀ ဖြတ်သန်းရာ

ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ်ဖြင့် ပရိသတ် ပိုမိုအားပေးစေခဲ့သူ သရုပ်ဆောင်အလင်းရောင်၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 13 September 2018

၂၀၁၇ နှစ်ဆန်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲမှာ မင်းသားတစ်ယောက် ဖြစ်ချင်တာကြောင့် အခွင့်အလမ်း ရှာဖွေနေသူ လူငယ်တစ်ယောက်အဖြစ် ပါဝင်ခဲ့သူ သရုပ်ဆောင် အလင်းရောင်ကို ပရိသတ်တွေ မှတ်မှတ်ထင်ထင် ရှိခဲ့ကြမှာပါ။ ဒီဇာတ်လမ်းတွဲနောက်မှာ အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဆောင်ခွင့်ရခဲ့တဲ့ သရုပ်ဆောင်အလင်းရောင်က ‘ကာဗွန်ဒိုင်အောက်ဆိုဒ်’ ရုပ်ရှင်ဇာတ်ကားမှာတော့ ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ် အမှတ်ပေးမှုကို အပြည့်အ၀ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ‘3 Girls’ ၊ ‘ရွှေကြာ’၊ ‘ဣတ္ထိယ’ စတဲ့ မတူကွဲပြားတဲ့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ ပုံဖော်နိုင်သူတစ်ဦးအဖြစ်ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားမှာတော့ ပရိသတ် အခိုင်အမာ ရရှိသွားသူ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အလင်းရောင်ပြောပြခဲ့တဲ့ ငယ်စဉ်ဘ၀ အမှတ်တရ ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။

သရုပ်ဆောင်အလင်းရောင်ရဲ့ အမည်ရင်းက ဝေယံမြင့်ဖြစ်ပြီး ညီအစ်ကိုသုံးဦးအနက် သားလတ် ဖြစ်ပါတယ်။ မန္တလေးမြို့ဇာတိဖြစ်တဲ့ အလင်းရောင်က ငယ်စဉ်ကလေးဘဝမှာ အစားမက်သူ ဖက်တီးလေးပါလို့ ဆိုပါတယ်။ အလင်းရောင်က “ငယ်ငယ်က ကျွန်တော်အစားမက်တယ်။ ဝတုတ်လေးပေါ့။ ကျွန်တော်က သားလတ်ဆိုတော့ မိဘတွေက ကျွန်တော့်ကိုသိပ်မချစ်ဘူးလို့ ထင်နေခဲ့တာ။ အငယ်ဆုံးဆိုလည်း အရမ်းချစ်ပြီး အကြီးဆုံးကိုလည်း ပိုဂရုစိုက်တယ် ထင်နေတာ။ အခုအသက်ကြီးလာမှ သိလာတာက မိဘတွေက ကျွန်တော့်ကို ဂရုအစိုက်ဆုံးဆိုတာပါ” လို့ ရယ်မောရင်း ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် အလင်းရောင်က ကျောင်းပညာရေး အနေနဲ့ မူကြိုကနေ လေးတန်းအထိကို ရွှေဘိုမြို့မှာ အဘိုးအဘွားတွေနဲ့အတူ သွားရောက်နေထိုင်ရင်း တက်ရောက်ခဲ့ပါတယ်။ ပဉ္စမတန်းနှစ်မှာ မန္တလေးမြို့ကို ပြောင်းရွှေ့လာခဲ့ပြီး ပညာဆက်လက် သင်ယူခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးချိန်မှာ M.U.F.L မှာ ဒီပလိုမာ တက်ရောက်ခဲ့သလို ရတနာပုံတက္ကသိုလ်မှာ အီးမေဂျာ တက်ရောက်ခဲ့ပြီး B.A (English) ဘွဲ့ကို ရရှိခဲ့ပါတယ်။

အလင်းရောင်က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ မော်ဒယ်ရှိုးတစ်ခုကို သွားကြည့်ရင်း သတို့သား သတို့သမီးဝတ်စုံနဲ့ လျှောက်လှမ်းတာကိုကြည့်ပြီး ဝတ်စုံဝတ်ဆင်ချင်တဲ့စိတ်နဲ့ မော်ဒယ်သင်တန်း တက်ဖြစ်တယ်လို့ ဆိုပါတယ်။ Talents & Mpdels သင်တန်းမှာ တက်ခဲ့ပြီးနောက် မော်ဒယ်အဖြစ် စတင်လှုပ်ရှားနေစဉ်မှာ Stars Int'l Models Agency က ကိုဂျွန်လွင်ရဲ့ ကမ်းလှမ်းမှုနဲ့ သုံးနှစ်စာချုပ် ချုပ်ဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ရန်ကုန်ကို ပြောင်းရွှေ့လာချိန်မှာတော့ မဟော်ဂနီထုတ်လုပ်ရေးက ဇာတ်ကားရိုက်ကူးဖို့အတွက် ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။ မဟော်ဂနီ ထုတ်လုပ်ရေးနဲ့ စာချုပ်ချုပ်ဆိုပြီး ရုပ်ရှင်ကားကြီးနှစ်ကားနဲ့ ဗီဒီယိုဇာတ်ကားနှစ်ကား ရိုက်ကူးခွင့်ရခဲ့ပါတယ်။

အခက်အခဲနဲ့ စိန်ခေါ်မှုအဖြစ် စာချုပ်ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာပဲ သီချင်းဆိုဖို့ စိတ်ကူးဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ “ကျွန်တော်က အနုပညာမျိုးရိုးလည်း မရှိတဲ့အခါကျတော့ စာချုပ်ပြဿနာတွေ တက်တဲ့အချိန် လမ်းစပျောက်သွားတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ အဲဒီအချိန်မှာ သီချင်းဆိုရင် ကောင်းမယ်ဆိုပြီး ဆိုဖြစ်သွားတာပါ။ တကယ်တမ်း သီချင်းခွေအတွက် အသံစသွင်းတော့ အရမ်းကြောက်တယ်။ စတူဒီယိုထဲ ရောက်ရင်ကို အသံပျောက်သွားသလိုမျိုး၊ အသက်ရှူကျပ်သလိုမျိုးတွေ ဖြစ်ခဲ့တာ။ နောက်ပိုင်းမှပဲ တဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပါတယ်” လို့ အလင်းရောင်က သီချင်းဆိုဖြစ်တဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

အလင်းရောင်က တေးအယ်လ်ဘမ်တစ်ခွေ ထုတ်ခဲ့ပြီးနောက်ပိုင်းမှာတော့ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ 3 Girls ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။ “လမ်းပျောက်နေတဲ့အချိန်မှာ ရုပ်ရှင်ကားကြီး ရိုက်ရမယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ ဒါရိုက်တာကကိုဝိုင်း၊ မင်းသမီးက မဖွေးဖွေး၊ တခြားမင်းသမီးနှစ်ယောက်လည်း ပါမယ်ဆိုတော့ ကျွန်တော့်ကိုနောက်နေတယ်လို့တောင် ထင်မိတယ်။ ပျော်လွန်းလို့ အသံတွေတောင်တုန်တဲ့ အထိပါ။ ဇာတ်ကားမရိုက်ခင် ကိုဝိုင်းနဲ့ အကြိုလေ့ကျင့်မှုတွေ လုပ်ရတယ်။ ဇာတ်ကားရိုက်နေတုန်းမှာလည်း အများကြီး သင်ကြားပေးကြပါတယ်။ မဖွေးဖွေးကလည်း အများကြီး ပြောပြပေးတယ်။ ကျွန်တော့် အတွက် 3 Girls က အမှတ်တရ ဇာတ်ကားတစ်ကားပါ” လို့ အလင်းရောင်က ဆိုပါတယ်။

3 Girls ဇာတ်ကားရဲ့ နောက်မှာတော့ ရွှေကြာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရှေ့သွားနောက်လိုက်၊ အချစ်ရဲ့ကျောင်းသား၊ မိန်းမဟူသရွေ့ ငါတို့၏ စကားမြစ်တွင် မျောကြစေသတည်း၊ နောင်တွင်ဥဒါန်းတွင်စေသတည်း၊ သမ္မတကြီးထံပေးစာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဆက်တိုက်ပါဝင်ခွင့်ရခဲ့ပါတယ်။ “ကျွန်တော့်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားကတော့ နောက်ထပ်အချိုးအကွေ့တစ်ခုလို့ ပြောလို့ရပါတယ်။ အဲဒီကားရိုက်တုန်းက အဲဒီလိုဗီလိန် ကာရိုက်တာကို အာရုံသွင်းရင်း စိတ်လည်း ပင်ပန်းခဲ့ရတယ်” လို့ အလင်းရောင်က ဆိုပါတယ်။ ဒီနေ့ဖတ်ရှုခဲ့ကြရတာကတော့ လူငယ်သရုပ်ဆောင် အလင်းရောင်ရဲ့ ငယ်ဘ၀ အမှတ်တရပုံရိပ်တွေ၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကတစ်ဆင့် ရရှိလာတဲ့ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်လို့ ကြိုးပမ်းခဲ့ပုံတွေပဲ ဖြစ်ပါတယ်။ အောင်မြင်သူတိုင်းရဲ့နောက်မှာ ရှိနေတတ်တဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကိုလည်း တွေ့မြင်ခံစားနိုင်မှာပါ။ နောက်တစ်ပတ်မှာ ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်ဘဝကို တင်ဆက်ပေးမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပါဦးလို့။

Most Recent