<

၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုများအကြောင်း ရိုက်ကူးထားသည့် Hotel Mumbai ဇာတ်ကားကို တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသ

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် ၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် တိုက်ခိုက်မှုများအကြောင်း ရိုက်ကူးထားသည့် Hotel Mumbai ဇာတ်ကားကို ကနေဒါနိုင်ငံ တိုရွန်တိုမြို့၌ ပြုလုပ်သည့် (၄၃) ကြိမ်မြောက် တိုရွန်တိုရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသခဲ့သည်။

ခမ်းနားထည်ဝါသည့် တာ့ခ်ျမဟာ နန်းတော်ဟိုတယ်ကို Lashkar-e-Taiba စစ်သွေးကြွများက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပုံများကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ပရိသတ်များ၏ မတ်တတ်ရပ်သြဘာပေးမှုကို ရရှိခဲ့သည်။

သြစတြေးလျဒါရိုက်တာ အန်ထိုနီမာရက်စ်၏ Hotel Mumbai ဇာတ်ကားသည် သေဆုံး၊ ဒဏ်ရာရရှိသူနှင့် ပြစ်မှုကျူးလွန်သူများ၏ လုပ်ရပ်ကို ခံစားသိမြင်နိုင်အောင် ပုံဖော်ရိုက်ကူးထားသည့်ဇာတ်ကားဟု ရုပ်ရှင်ဝေဖန်ရေးသမားများက ချီးကျူးခဲ့သည်။

Hotel Mumbai ဇာတ်ကားတွင် ဟိုတယ်၌ တည်းခိုသည့် အမေရိကန်နိုင်ငံသားအဖြစ် သရုပ်ဆောင်ထားသည့် အာမီဟမ်မာက ယင်းဇာတ်ကား၏ ဇာတ်ညွှန်းသည် ကိုယ်ချင်းစာနာမှုကို ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

ယင်းဇာတ်ကားတွင် တိုက်ခိုက်မှုများကို ရုပ်သံမှထုတ်လွှင့်ပြသမှုနှင့် တိုက်ခိုက်မှုများအတွင်း အသက်ရှင်သန်သူများကို အင်တာဗျူး မေးမြန်းထားမှုများလည်း ပါဝင်သည်။ တိုက်ခိုက်သူ ၁၀ ဦးနှင့် ၎င်းတို့ကို လေ့ကျင့်ပေးသူများအကြား ဖုန်းဖြင့်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ထားမှုများနှင့် အသက်ရှင်ကျန်ရစ်သည့် သေနတ်သမားတစ်ဦးက တရားရုံးကြားနာစစ်ဆေးမှုတွင် ဖြောင့်ချက်ပေးခဲ့သည့် ဗီဒီယိုကို ယင်းဇာတ်ကားတွင် ဖော်ပြခဲ့သည်။

“Hotel Mumbai မှာ တိုက်ခိုက်သူတွေပြောတဲ့ စကားတွေဟာ မှတ်တမ်းအစီရင်ခံစာတွေကို အခြေခံထားတာပါ။ လုပ်ကြံဖန်တီးထားတာတွေ မပါပါဘူး” ဟု မာရက်စ်က ပြောကြားသည်။

အိန္ဒိယသရုပ်ဆောင် Anupam Kher က တိုက်ခိုက်မှုများအတွင်း အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည့် ဟိုတယ်၏အမှုဆောင်အရာရှိချုပ် Hemant Oberoi အဖြစ် ယင်းဇာတ်ကားတွင် သရုပ်ဆောင်ထားသည်။ Hotel Mumbai သည် ၎င်းပါဝင်သရုပ်ဆောင်သည့် ၅၀၁ ကားမြောက်ဇာတ်ကားနှင့် ၎င်းသရုပ်ဆောင်မှုနှင့် ပတ်သက်ပြီး မိခင်၏ ချီးမွမ်းခြင်းကို ပထမဆုံးရရှိခဲ့သည့် ဇာတ်ကားဖြစ်ကြောင်း Anupam Kher က ပြောကြားသည်။ ၂၀၀၈ ခုနှစ်တွင် လူ ၁၆၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မွမ်ဘိုင်းမြို့တိုက်ခိုက်မှုများတွင် ယင်းဟိုတယ်သည် ၀န်းရံတိုက်ခိုက်ခံခဲ့ရသည့် နေရာတစ်ခုဖြစ်သည်။

September 12, 2018














Copy Protected by Chetan's WP-Copyprotect.