မက္ကဆီကိုဒါရိုက်တာ အယ်လ်ဖွန်ဆိုကာရွန်၏ Roma ဇာတ်ကား ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆု ဆွတ်ခူး

မက္ကဆီကိုဒါရိုက်တာ အယ်လ်ဖွန်ဆိုကာရွန်၏ Roma ဇာတ်ကား ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆု ဆွတ်ခူး
Published 10 September 2018

အီတလီနိုင်ငံတွင် ကျင်းပသည့် (၇၅) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ အမြင့်ဆုံးဆုဖြစ်သော ရွှေခြင်္သေ့ဆုကို အော်စကာဆုရ ဒါရိုက်တာ အယ်လ်ဖွန်ဆိုကာရွန်၏ Roma ဇာတ်ကားက ဆွတ်ခူးခဲ့သည်။

၁၉၇၁ ခုနှစ်တွင် မက္ကဆီကိုစီးတီးရှိ လူလတ်တန်းစား မိသားစုတစ်စုထံတွင် အိမ်အကူလုပ်သည့် အမျိုးသမီးတစ်ဦးအကြောင်း အခြေပြု ရိုက်ကူးထားသည့် Roma ဇာတ်ကားသည် ကာရွန်၏ အပြောင်မြောက်ဆုံး ဇာတ်ကားတစ်ကားဟု ဝေဖန်ရေးသမားများက ချီးကျူးခဲ့သည်။ ယင်းဇာတ်ကားသည် ကာရွန်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ယင်းဇာတ်ကား၏ အဓိကဇာတ်ကောင် Cleo သည် ၎င်းကို ထိန်းကျောင်းခဲ့သည့် ကလေးထိန်းကို အခြေပြုရေးသားခဲ့သည်ဟု ကာရွန်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

Roma ဇာတ်ကားအတွက် ၎င်းကလေးဘဝက နေထိုင်ခဲ့သည့် နေအိမ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး ယင်းကာလကပုံစံမျိုး ပြန်လည်ဖန်တီးရန် ဆွေမျိုးများထံမှ ပရိဘောဂများ ငှားခဲ့ရသည်ဟု အသက် ၅၆ နှစ်အရွယ်ရှိ ကာရွန်က ပြောကြားခဲ့သည်။

A Little Princess၊ Y Tu Mamá También၊ Harry Potter and the Prisoner of Azkaban၊ Children of Men စသည့် ဇာတ်ကားများဖြင့် အောင်မြင်ခဲ့သည့် ကာရွန်သည် ၂၀၁၃ ခုနှစ် အော်စကာဆုပေးပွဲတွင် Gravity ဇာတ်ကားဖြင့် အကောင်းဆုံး ဒါရိုက်တာဆု ဆွတ်ခူးခဲ့သည်။

“Roma က ရုပ်ရှင်တစ်ကားမျှသာ မဟုတ်ပါဘူး။ စိတ်အာရုံမှာပါ ထင်မြင်လာတဲ့ရုပ်ရှင်ဇာတ်ကားပါ” ဟု Variety မဂ္ဂဇင်း၏ ရုပ်ရှင်ဝေဖန်ရေးသမား Owen Gleiberman က ပြောကြားသည်။

ယခုနှစ်ရုပ်ရှင်ပွဲတော်တွင် ပြင်သစ်ဒါရိုက်တာ Jacques Audiard က The Sisters Brothers ဇာတ်ကားဖြင့် ငွေခြင်္သေ့ဆု ဆွတ်ခူးခဲ့သည်။ အမေရိကန်-အီတလီ သရုပ်ဆောင် Willem Dafoe က ဗင်းဆင့်ဗင်ဂိုးအကြောင်း ရိုက်ကူးထားသည့် At Eternity's Gate ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး ဗြိတိန်သရုပ်ဆောင် အိုလီဗီယာ ကိုမန်က The Favourite ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။

သက်တမ်းအကြာဆုံး ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်သည့် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၈ ရက်အထိ ကျင်းပခဲ့သည်။

ယခုနှစ် ရုပ်ရှင်ပွဲတော်၏ ရွှေခြင်္သေ့ဆုအတွက် ဇာတ်ကား ၂၁ ကား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရွေးချယ်ရေးဂျူရီအဖွဲ့ကို မက္ကဆီကို ဒါရိုက်တာ Guillermo del Toro က ဦးဆောင်ခဲ့သည်။

Most Read

Most Recent