မြန်မာသို့ အံ့ဖွယ်ခရီးစဉ် “Incredible Journey” မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို နိုင်ငံပေါင်း ၁၄ နိုင်ငံတွင်လည်း ထုတ်လွှင့်ပြသသွားရန်စီစဉ်ထား

မြန်မာသို့ အံ့ဖွယ်ခရီးစဉ် “Incredible Journey” မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို နိုင်ငံပေါင်း ၁၄ နိုင်ငံတွင်လည်း ထုတ်လွှင့်ပြသသွားရန်စီစဉ်ထား
Published 9 September 2018

မြန်မာသို့ အံ့ဖွယ်ခရီးစဉ် ‘Incredible Journey’ ဟုအမည်ပေးထားသည့် မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို နိုင်ငံပေါင်း  ၁၄ နိုင်ငံတွင်လည်း ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ မြန်မာသို့ အံ့ဖွယ်ခရီးစဉ် ‘Incredible Journey’ ဟုအမည်ပေးထားသည့် မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကို CANAL + Myanamr FG ၏ ပထမဆုံး မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲအဖြစ် စီစဉ်တင်ဆက်ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲတွင် အစီအစဉ်၏ အဓိက တင်ဆက်သူအဖြစ် Mr.Alex Bescoby က ပါဝင်ထားပြီး အောင်စည်သူက တွဲဖက်ပါဝင်တင်ဆက်ထားခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို သြဂုတ် ၃၀ ရက် မှစတင်ကာ CANAL + SU SAN ရုပ်သံလိုင်း၌ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပြသလျက်ရှိသည်။

မြန်မာသို့ အံ့ဖွယ်ခရီးစဉ် ‘Incredible Journey’ ဟုအမည်ပေးထားသည့် မှတ်တမ်းရုပ်သံဇာတ်လမ်းတွဲတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဖြစ်သည့် ပူတာအိုဒေသမှ စတင်ကာ မြန်မာနိုင်ငံအောက်ဖျားပိုင်းဒေသအထိ မြန်မာနိုင်ငံ၏ မြောက်မှတောင်သို့ ခရီးတစ်လျှောက် ထင်ရှားသည့်မြို့များ၊ လှပသည့် နေရာဒေသများ၊ လူသိနည်းနေသေးသည့် သမိုင်းကြောင်းများ၊ နေရာဒေသများ နှင့် ဒေသခံတို့၏ လူနေမှုပုံစံ၊ ဒေသအလိုက် ကွဲပြားသည့် ဓလေ့များကို ထူးခြားသည့် တင်ဆက်မှုပုံစံများနှင့်အတူ ရိုက်ကူးတင်ဆက်ထားသည်ဟု သိရသည်။

“ဒီခရီးစဉ်မှာ ကျွန်တော့်အတွက် အခက်အခဲတွေကတော့များတယ်။ အပျော်ဆုံးအချိန်တွေလည်းရှိတယ်။ ကလောမြို့ရဲ့ တောင်ဆင်းတောင်တက်လမ်းတွေနဲ့ မြန်မာနိုင်ငံအလည်ပိုင်းကို ဂျစ်ကားလေးမောင်းပြီး သွားရတဲ့အချိန်တွေနဲ့ နှင်းတွေဖုံးနေတဲ့ တောင်ထိပ်တွေကို ပထဆုံးမြင်လိုက်ရချိန်တွေပါ။ နောက်ပြီး ပူတာအိုအနီးကဒေသတစ်ခုမှာ ရေခဲနေတဲ့မြစ်ကမ်းနဘေး ယာယီတဲစခန်းချပြီး တစ်ညတာအိပ်စက်ခဲ့ရချိန်ကတော့ မမေ့နိုင်တဲ့အမှတ်တရပါ။ ညဘက်ဆို နဂါးငွေ့တန်းတွေက ကြယ်စင်တွေကို ကြည်လင်စွာမြင်တွေ့ရသလို မနက်ပိုင်းမှာ ဟိမဝန္တာတောင်ခြေကို လှပစွာမြင်တွေ့ရတဲ့ အဲဒီအရပ်ဒေသလေးကတော့ ကျွန်တော်ရောက်ဖူးသမျှမြန်မာပြည်ရဲ့ ဒေသတွေထဲမှာ အလှပဆုံးနဲ့ မမေ့နိုင်တဲ့အမှတ်တရပါပဲ” ဟု  Mr.Alex Bescoby ကဆိုသည်။

မြန်မာသို့ အံ့ဖွယ်ခရီးစဉ် ‘Incredible Journey’ ၏ အစီအစဉ်တင်ဆက်သူ Mr.Alex Bescoby သည် မှတ်တမ်းရုပ်ရှင်လောကတွင် ဆုရရှိထားသူဖြစ်ပြီး မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဇာတ်မြုပ်ပျောက်ကွယ်နေသော တော်ဝင်မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ဖြစ်သည့် ‘We Were Kings’ ကိုရိုက်ကူးခဲ့သူလည်း ဖြစ်သည်။ အဆိုပါအစီအစဉ်၌ပါဝင်သူ အောင်စည်သူသည်လည်း သီပေါမင်း၏ အမျိုးအနွယ်သွေးတော်စပ်သူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

Most Read

Most Recent