အမေရိကန်ရက်ပ်အဆိုတော် မက်မီလာ လော့စ်အိန်ဂျလိစ်၌ ကွယ်လွန်

အမေရိကန်ရက်ပ်အဆိုတော် မက်မီလာ လော့စ်အိန်ဂျလိစ်၌ ကွယ်လွန်
Published 9 September 2018

ဆယ်ကျော်သက်အရွယ်တွင် ဂီတလောက၌ ထိုးထွက်အောင်မြင်မှုရရှိခဲ့သည့် ရက်ပ်အဆိုတော်၊ ထုတ်လုပ်သူ မက်မီလာ အသက် ၂၆ နှစ်သည် စက်တင်ဘာ ၇ ရက်တွင် ကွယ်လွန်ခဲ့သည်ဟု ၎င်း၏ မိသားစုဝင်များက ပြောကြားခဲ့သည်။

မီလာကို Studio City အရပ်ရှိ ၎င်း၏နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု လော့စ်အိန်ဂျလိစ် သေမှုသေခင်းစုံစမ်းရေးရုံးက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ခဲ့ပေ။

အနုပညာသတင်းများကို ဖော်ပြသည့် TMZ ဝက်ဘ်ဆိုက်တွင်မူ မီလာသည် ဆေးလွန်ပြီး သေဆုံးခဲ့ပုံရသည်ဟု ဖော်ပြခဲ့သည်။

မီလာသည် ပွဲဦးထွက်အယ်လ်ဘမ်  Blue Slide Park ကို ဖြန့်ချိခဲ့ချိန်တွင် အသက် ၁၉ နှစ်မျှသာ ရှိသေးသည်။ ယင်းအယ်လ်ဘမ်သည် Billbord သီချင်းရောင်းချမှုစာရင်း၏ နံပါတ်တစ်နေရာတွင် ဖော်ပြခံခဲ့ရသည်။ မီလာသည် ဂျေဇီး၊ Chance the Rapper အပါအဝင် နာမည်ကြီးရက်ပ်အဆိုတော် များစွာ၏ ချီးမွမ်းမှုလည်း ရရှိခဲ့သည်။

မီလာသည် အဆိုတော် အရီယာနာဂရန်ဒီ နှင့် ၂၀၁၆ ခုနှစ်တွင်တွဲခဲ့ပြီး My Favorite Part နှင့် The Way အပါအဝင် သီချင်းများစွာကို ပူးတွဲဖန်တီးသီဆိုခဲ့ကြသည်။  ဂရန်ဒီသည် ၎င်း၏သီချင်းများအတွက် စိတ်ကွန့်မြူးမှုဖြစ်စေခဲ့သူဟု မီလာက ယူဆခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ရည်းစားသက်တမ်း နှစ်နှစ်ခန့်အကြာ ယခုနှစ် မေတွင် လမ်းခွဲခဲ့ကြသည်။  ဂရန်ဒီနှင့်လမ်းခွဲခဲ့ပြီး မကြာမီ မီလာသည် အရက်မူးပြီး ကားမဆင်မခြင်မောင်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

မီလာကို  တည်ကြည်သူဖြစ်လာအောင် ကာလကြာအကူအညီပေးခဲ့သည်ဟု ဂရန်ဒီက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ သို့သော် မိမိတို့နှစ်ဦး၏အချစ်ရေးသည် ဆိုးရွားသောဆက်ဆံရေး ဖြစ်သည်ဟု ဂရန်ဒီက ပြောကြားခဲ့သည်။

“ကျွန်မက ကလေးထိန်းတစ်ယောက် မဟုတ်သလို မိခင်တစ်ယောက်လည်း မဟုတ်ပါဘူး” ဟု ဂရန်ဒီက ဝေဖန်သူများအား တုံ့ပြန်ရေးသားခဲ့သည်။ ဂရန်ဒီသည် မီလာနှင့် လမ်းခွဲပြီးနောက်  Saturday Night Live အစီအစဉ်တွင် ပါဝင်သည့် သရုပ်ဆောင် Pete Devidson နှင့် တွဲခဲ့သည်။

မီလာ (အမည်ရင်း Malcolm Mc Cormick) သည် မူးယစ်ဆေးစွဲမှုနှင့် ရုန်းကန်နေရကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးသည်။  ယခုနှစ် သြဂုတ်တွင် ဖြန့်ချိခဲ့သည့် ၎င်း၏ပဉ္စမမြောက် အယ်လ်ဘမ် Swimming တွင်၎င်း၏ မူးယစ်ဆေး အသုံးပြုမှုနှင့်  စိတ်ခံစားမှုအခြေအနေကြောင်းကို ဖော်ပြခဲ့သည်။

Most Read

Most Recent