တေးရေးဝေကြီးနှင့် တွေ့ဆုံခြင်း

တေးရေးဝေကြီးနှင့် တွေ့ဆုံခြင်း
Published 4 September 2018

လတ်တလောပရိသတ်များကြားတွင် ရေပန်းစားလျက်ရှိသည့် တေးသီချင်းအချို့အား ဖန်တီးထားသူ လူငယ်တေးရေး ဆရာဝေကြီးမှာလှပသည့် သံစဉ်စာသားများအား ဖန်တီးနိုင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှု ရရှိထားသူဖြစ်သည်။ တေးရေးဝေကြီး ကိုယ်တိုင်ရေးသားသီဆိုထားသည့် ‘တိမ်ငိုသောနေ့’ တေးသီချင်းမှာလည်း မိုးရာသီခံစားချက်ပေးစွမ်းမှုနှင့်အတူ ပရိသတ်များအကြား ပျံ့နှံ့လျက်ရှိသည်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ Winner Song အား ရေးသားဖန်တီးခွင့်ရခဲ့သူ၊ ပရိသတ်များနှင့် ခံစားမှုချင်းထပ်တူကျသည့် တေးသီချင်းများစွာအား ဖန်တီးနိုင်ခဲ့သူ တေးရေးဝေကြီးနှင့် တွေ့ဆုံ၍ တေးသီချင်းဖန်တီးဖြစ်သည့် အမှတ်တရများ၊ တေးသီချင်းဖန်တီးရာတွင် ထားရှိသည့်ခံစားမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာဖန်တီးမှုများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး - ဂီတလောကထဲကို ဘယ်လိုစတင်ဝင်ရောက်ဖြစ်ခဲ့လဲဆိုတာလေး အရင်ပြောပြပါဦး။

■ ဖြေ  - အရင်ဆုံးကတော့ လွန်ခဲ့တဲ့ငါးနှစ်၊ ခြောက်နှစ်လောက်ကစပြီး Unplugged စပြီးတီးဖြစ်ရာကနေ ဒီလောကထဲရောက်လာတယ်။ အနုပညာရှင်တွေအတွက် သီချင်းရေးပေးဖြစ်တာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က စရေးဖြစ်တာပါ။

■ မေး - သီချင်းရေးတာကိုပဲ အရင်ကတည်းက ဝါသနာပါတာလား။ သီချင်းရေးဆရာတစ်ယောက် အနေနဲ့ပဲ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာလား။

■ ဖြေ - ကျွန်တော်ကတော့ ဂီတနဲ့ပတ်သက်ရင် အကုန်လုံး ဝါသနာပါတယ်။ Player တစ်ယောက်အဖြစ် ဂစ်တာတီးနေတုန်းကတော့ Piano တွေ ဘာတွေဆက်သင်ဖြစ်တယ်။ နောက်တော့သီချင်း ရေးဖြစ်လာတယ်။ ဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းယုံကြည်မှုမရှိဘူး။ ကိုယ်နဲ့လိုက်ဖက်တဲ့ တစ်ပုဒ်စနှစ်ပုဒ်စလောက်ပဲ ဆိုမယ်ဆိုတဲ့ စိတ်ကူးလောက်ပဲရှိတယ်။ ကျန်တာတော့ အကုန်လုပ်ဖြစ်ပါတယ်။

■ မေး - သီချင်းရေးတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားမှုကို အကောင်းဆုံးပုံဖော်နိုင်ဖို့ ဘယ်လိုပြင်ဆင်ရလဲ။

■ ဖြေ  - အဓိကတော့ အရင်တုန်းကလုပ်ခဲ့ဖူးတဲ့ Unplugged တီးတဲ့အခါမှာ သီချင်းမျိုးစုံတီးတဲ့အခါ ပညာတွေအများကြီး ရခဲ့တယ်။ ကော့ဒ်မျိုးစုံတီးရတယ်။ သီအိုရီတွေ သိလာတယ်။ သီချင်းရေးတဲ့အခါမှာ ငါသာဆိုရင်ဆိုတဲ့စိတ်နဲ့ ခံစားပြီးရေးတာပဲ ရှိတယ်။ မုဒ်လာတဲ့အချိန်ပဲ ရေးဖြစ်တာလည်းများတယ်။ ကိုယ့်ရင်ထဲကအတိုင်း ခံစားရတာကို ပြန်ပြီးပြောပြရတာမျိုးကို ကြိုက်တယ်။ သီးခြားတော့ ပြင်ဆင်တာ မျိုးသိပ်မရှိဘူး။

■ မေး - ရေးဖြစ်ခဲ့တဲ့သီချင်းတွေထဲက ပရိသတ်နဲ့တစ်ထပ်တည်းကျပြီး အမှတ်တရဖြစ်တဲ့ သီချင်းလေးတွေက ဘာတွေဖြစ်မလဲ။

■ ဖြေ - သီချင်းတွေကတော့ ကိုယ်ရေးတာဆိုတော့ ကိုယ်မွေးထုတ်ထားတာဖြစ်လို့ ကျေနပ်ပါတယ်။ ပရိသတ်တွေပြန်ပြောကြတာကို ကြားရတဲ့သီချင်းလေးတွေဆိုရင်  ဖြိုးပြည့်စုံရဲ့ ‘အသည်းကွဲဧည့်သည်’ ၊ ဂျူဝယ်လ်ရဲ့
Message’ ၊ နီနီခင်ဇော်ရဲ့ ‘အလကားပဲ’ ၊ ကေကေမိုးရဲ့ ‘ကျွန်မ’ တို့ ရတနာမိုင်ရဲ့ ‘မမေ့ပါနဲ့’ ဆိုတဲ့သီချင်းလေးတွေပေါ့။ ပရိသတ်တွေကြိုက်တယ်ဆိုပြီး ပြန်ကြားရတာပေါ့။

■ မေး - သီချင်းရေးတဲ့အခါ ရေးပြီးမှပဲ လိုက်ဖက်တဲ့အဆိုတော်ကို ဆိုကြည့်ခိုင်းတာလား။ ရည်ရွယ်ပြီးရေးဖြစ်တာမျိုးရှိလား။

■ ဖြေ  - သီချင်းအများစုကတော့ ကိုယ့်ခံစားချက်အတိုင်းရေးပြီးမှပဲ လိုက်လောက်တဲ့အဆိုတော်ကို ဒါလေးဆိုကြည့်ပါလားဆိုပြီး ပေးဖြစ်တာများတယ်။ တစ်ယောက်ယောက်အတွက် ရည်ရွယ်ပြီးရေးဖြစ်တာမျိုးက နည်းပါတယ်။ ကျွန်တော့်သီချင်းအများစုက ယောကျ်ားလေးဆိုရင် ကိုဖြိုးပြည့်စုံနဲ့ ကံစပ်တာများတယ်။ မိန်းကလေးအဆိုတော်တွေကတော့ အများစုက ကျွန်တော့်သီချင်းနဲ့ လိုက်တာများတယ်။  ပရိသတ်တွေလည်း ကြိုက်ကြတယ်ပေါ့။

■ မေး - မောင်လေးကိုယ်တိုင်ဆိုထားတဲ့ သီချင်းလေးကို ဖန်တီးဖြစ်တဲ့အမှတ်တရလေး ပြောပြပါဦး။

■ ဖြေ  - ကျွန်တော်က ဆိုနိုင်တဲ့အဆိုတော်မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတာ။ ဒီသီချင်းလေးကတော့ မိုးရာသီအစလောက်မှာ ရေးဖြစ်တယ်။ ပရိသတ်တွေကလည်း ကိုယ်တိုင်တစ်ပုဒ်လောက်ဆိုပါလားလို့ ပြောနေကြတဲ့အချိန် ပရိသတ်တွေလည်း မိုးရာသီခံစားမှုလေး ခံစားချင်တဲ့သူကို ခံစားလို့ရအောင်ဆိုပြီး ဆိုဖြစ်သွားတာပါ။ အကောင်းဆုံး တော့ ကြိုးစားခဲ့တယ်။ ဆိုတာက စတူဒီယိုမှာ မိုးလင်းတဲ့အထိ ဆိုရတာရှိခဲ့တယ်။ ကိုယ့်သီချင်းကိုယ်ပရိသတ်ကို အကောင်းဆုံးချပြချင်တဲ့ စိတ်နဲ့လောဘတော့ ရှိခဲ့တာပေါ့နော်။ အဲဒီလောဘနဲ့ပဲ အကောင်းဆုံးကြိုးစားပြီး ဆိုခဲ့ပါတယ်။

■ မေး - Myanmar Idol Winner Song  ကို ရေးပေးဖြစ်တဲ့ခံစားချက်လေး ပြောပြပါဦး။

■ ဖြေ - ဒီသီချင်းကို Finalist နှစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ရော၊ ချမ်းမြေ့မောင်ချိုရောဆိုတာ တော်ပါတယ်။ အခွေကတော့ ဘယ်သူဆိုပြီး ထွက်လာမလဲဆိုတာ သေချာမသိဘူး။ သူတို့ဆိုတာလေးကို ပရိသတ်တွေက အားပေးကြတဲ့အတွက်လည်း သူတို့ကိုယ်စား ပျော်ပါတယ်။ ကိုယ်တိုင်လည်း ဒီသီချင်းလေးကို ပုံဖော်ရတဲ့အတွက် ကျေနပ်မိတယ်။

■ မေး - နောက်ထပ်သီချင်းလေးတွေထပ်ပြီး ဆိုဖြစ်ဦးမလား။

■ ဖြေ  - ဒီလထဲမှာတော့ တိမ်ငိုသောနေ့သီချင်းလေးကို ကိုဖြိုးပြည့်စုံတို့၊ နေမင်းအိမ် တို့လည်းပါမယ့်အခွေလေးမှာ ပြန်ပါဖို့ရှိတယ်။ ပြီးတော့ အသည်းကွဲအကယ်ဒမီဆိုတဲ့ သီချင်းလေးကို Music Vieo ရိုက်ထားတာလေး အွန်လိုင်းမှာ Single Song အနေနဲ့ ထွက်ဖို့ရှိတယ်။ V7 Entertainment က ရိုက်ပေးထားတာပါ။ မြင့်မြတ်နဲ့ မအေးသောင်းတို့ သရုပ်ဆောင်ထားပါတယ်။ အဲဒါလေးတော့ အသစ်ထွက်ဖို့ရှိမယ်။

■ မေး - နောက်ထပ်ဘယ်လိုဖန်တီးမှုအသစ်တွေ ထပ်လုပ်ဖြစ်ဖို့ရှိမလဲ။

■ ဖြေ  - အဓိကတော့ ကိုယ့်သီချင်းကိုယ် ပြန်ကျော်ရတာပေါ့နော်။ အဆိုတော်တစ်ယောက်က ကိုယ့်ဆီလာတဲ့အခါ အသစ်အသစ်တွေပဲ လိုချင်တယ်။ အရင်ဖန်တီးခဲ့တာနဲ့တူလို့လည်း မရသလို ပိုကောင်းတာမျိုးပဲ လိုချင်တာလေ။ အဲဒီအတွက် အကောင်းဆုံးလည်း ကြိုးစားရပါတယ်။

■ မေး - တေးရေးဆရာတစ်ယောက်ရဲ့ဘဝနဲ့ ရပ်တည်ရတာကို ကြိုက်လား။

■ ဖြေ  - တေးရေးဆရာကျတော့ ဖန်တီးရှင်ပေါ့။ ဖန်တီးပေးရတယ်။ ကိုယ်ကြိုက်သလို လွတ်လွတ်လပ်လပ်ဖန်တီးခွင့်ရှိတဲ့ ဘဝလေးပေါ့။ မြန်မာနိုင်ငံမှာက သီချင်းတစ်ပုဒ်ကိုရတဲ့ အနုပညာကြေးက တစ်လထိုင်စားလို့လည်း မရဘူး။ ဒါကြောင့် အပုဒ်ရေများများ ရေးရတယ်။ ကောင်းအောင်လည်း ကြိုးစားရတယ်။ ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်။ အဆိုတော်တွေအများကြီးနဲ့ အခုလို သူတို့အတွက် သီချင်းလေးတွေ ဖန်တီးခွင့်ရတာ ကျေနပ်တယ်။

 

Most Read

Most Recent