အရီယာနာဂရန်ဒီ၏ အယ်လ်ဘမ် Billboard တွင် နံပါတ် (၁) အဖြစ် ဖော်ပြခံရ

အရီယာနာဂရန်ဒီ၏ အယ်လ်ဘမ် Billboard တွင် နံပါတ် (၁) အဖြစ် ဖော်ပြခံရ
Published 30 August 2018

ပေါ့ပ်စတား အရီယာနာဂရန်ဒီသည် အယ်လ်ဘမ်သစ် Sweetener ဖြင့် Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် (၁) နေရာကိုဦးဆောင်ခဲ့ပြီး ထရာဗစ်စကော့၏ Astro world အယ်လ်ဘမ်က နံပါတ် (၂) နေရာတွင် ဖော်ပြခံခဲ့ရသည်။

သြဂုတ် ၁၇ ရက်ကဖြန့်ချိခဲ့သည့် ဂရန်ဒီ၏ စတုတ္ထမြောက်အယ်လ်ဘမ် Sweetener သည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်၌ ချပ်ရေ ၁၂၇,၀၀၀ ရောင်းချနိုင်ခဲ့ပြီး အွန်လိုင်းမှနားထောင်သည့် အကြိမ်အရေအတွက် ၁၂၇ သန်းရရှိခဲ့သည်ဟု Nielsen က ထုတ်ပြန်ခဲ့သည်။ Sweetener အယ်လ်ဘမ်သည် Spotify တွင်လည်း  ပွဲဦးထွက်ဖြန့်ချိသည့်သီတင်းပတ်၌ နားထောင်မှုအများဆုံး အယ်လ်ဘမ်အဖြစ် စံချိန်တင်ခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ၂၀၁၇ ခုနှစ်တွင် မန်ချက်စတာအားကစားကွင်း၌ ပြုလုပ်ခဲ့သည့် ဂရန်ဒီ၏ဖျော်ဖြေပွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်နှစ်အကြာတွင် ပထမဆုံးထွက်ရှိသည့် အယ်လ်ဘမ်လည်းဖြစ်သည်။ ယင်းအယ်လ်ဘမ်တွင် ဖာရဲဝီလျံ၊ နစ်ကီမီနာ့ချ်နှင့် Missy တို့လည်း ပါဝင်သီဆိုထားသည်။ ယင်းအယ်လ်ဘမ်အတွက် ဖျော်ဖြေပွဲခရီးစဉ်ကို  မထုတ်ပြန်သေးပေ။

၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သည့် ဂရန်ဒီ၏ ပွဲဦးထွက်အယ်လ်ဘမ် Yours Truly နှင့် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် My Everything အယ်လ်ဘမ်တို့သည်လည်း Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် (၁) နေရာတွင် ဖော်ပြခံခဲ့ရဖူးသည်။

နစ်ကီမီနာ့ချ်၏ Queen အယ်လ်ဘမ်သည် နံပါတ် (၃) နေရာတွင်ဖော်ပြခံခဲ့ရပြီး ရက်ပ် အဆိုတော်ဒရိတ်၏ Scorpion အယ်လ်ဘမ်က နံပါတ်(၄)နေရာတွင် ဖော်ပြခံခဲ့ရသည်။ ကွယ်လွန်သူအဆိုတော် အာသာဖရန်ကလင်း၏ အကောင်းဆုံးသီချင်းများကို စုစည်းထားသည့် 30 Greatest Hits အယ်လ်ဘမ်သည် အဆိုပါစာရင်း၏ နံပါတ် (၆) နေရာတွင် ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent