MTV ဆုပေးပွဲတွင် ကင်ဒရစ်လာမာက တစ်နှစ်တာအကောင်းဆုံး ဂီတဗီဒီယိုဆုကို ရရှိ

MTV ဆုပေးပွဲတွင် ကင်ဒရစ်လာမာက တစ်နှစ်တာအကောင်းဆုံး ဂီတဗီဒီယိုဆုကို ရရှိ
Published 29 August 2017

ရက်ပ်အဆိုတော် ကင်ဒရစ်လာမာသည် သြဂုတ် ၂၇ ရက်က ကျင်းပသော MTV ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဆုကို ရရှိခဲ့ပြီး အကောင်းဆုံး Hip-Hop ဗီဒီယိုဆု၊ အကောင်းဆုံး အနုပညာဖန်တီးမှုဆု၊ အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆုခြောက်ဆုကို ရရှိသွားခဲ့သည်။

လာမာသည် နောက်ဆုံးထွက်အယ်လ်ဘမ် “DAMN” မှ “HUMBLE” သီချင်းအတွက် ဆုများရရှိခဲ့ခြင်းဖြစ်ပြီး တစ်နှစ်တာ အနုပညာထူးချွန်သူဆုကို အင်္ဂလိပ်သီချင်းရေးဆရာ အက်ရှီယန်က ရရှိခဲ့သည်။ ယင်းဆုသည် အမျိုးသား၊ အမျိုးသမီး ခွဲခြားပေးခဲ့ရာမှ ယခုနှစ်တွင် ထိုဆုကို ပေါင်းစည်း၍ ဆုသစ်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။ ရက်ပ်အဆိုတော် ခါလစ်သည် တက်သစ်စ ထူးချွန်အနုပညာရှင်ဆုကို ရရှိသွားခဲ့သည်။ အမေရိကန်၌ လူဖြူလူမျိုးရေး အစွန်းရောက်သူတို့၏ တိုက်ခိုက်မှုအား ရှုတ်ချမှုများကို ယခုနှစ် MTV ဆုပေးပွဲတွင် ဦးစားပေး ဆောင်ရွက်ခဲ့ကြသည်။ သြဂုတ် ၁၂ ရက်က ဗာဂျီးနီးယားရှိ ရှားလော့ဗီးတွင် လူအုပ်ထဲသို့ လူဖြူလူမျိုးရေး အစွန်းရောက်တစ်ဦးက ကားဖြင့်ဝင်တိုက်ခဲ့မှုကြောင့် သေဆုံးခဲ့သော (၃၂)နှစ် အရွယ် ဆန္ဒပြသူ ဟီသာဟေရာ၏ မိခင်က သမီးဖြစ်သူ သေဆုံးမှုအတွက် ဖောင်ဒေးရှင်းတစ်ခုကို အမှတ်တရ တည်ထောင်ကြောင်း စင်ပေါ်သို့ တက်ရောက်ကြေညာခဲ့သည်။ ယင်းဖောင်ဒေးရှင်းသည် လူမှုတရားမျှတမှု ဘာသာရပ်ကို သင်ယူလိုသူများအတွက် ပညာသင်ဆုများပေးမည်ဟု တည်ထောင်သူ ဆူဇန်ဘရိုက ပြောကြားခဲ့သည်။

သီချင်းဗီဒီယိုများတွင် တက်ကြွလှုပ်ရှားမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် “Best Fight Against the System” ဆုသစ်ကိုလည်း ဘရိုက ကြေညာပေးခဲ့သည်။ ညီတူညီမျှစိတ်ဓာတ်ကို အလေးပြုသည့်အနေဖြင့် ဆုရှင်ခြောက်ဦးအား ဆုကို ခွဲဝေပေးမည်ဟု ဘရိုက ကြေညာခဲ့သည်။ ထို့ပြင် MTV ဆုပေးပွဲတွင် ဟာဗေးမုန်တိုင်းဒဏ်ခံနေရသော တက္ကဆက်အတွက်လည်း ဆုမွန်ကောင်းတောင်းမှုများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုတော် ကေတီပယ်ရီက အမေရိကန် ကြက်ခြေနီအသင်းအတွက် လှူဒါန်းမှုများ ဆောင်ရွက်ကြရန် ရုပ်သံပရိသတ်အား တောင်းဆိုခဲ့သည်။

ဆုပေးပွဲအတွက် ပင်တိုင်တင်ဆက်သူဖြစ်သော ကေတီပယ်ရီက သမ္မတသစ်လက်ထက်တွင် အမေရိကန်၏ နိုင်ငံရေးပြဿနာများအား မီးမောင်းထိုးပြရန် ကြိုးပမ်းခဲ့ပြီး ဂီတသည် အားလုံးကို ညီညွတ်စေသည့်အရာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်တွင် မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုပေးသည့် တစ်သက်တာထူးချွန်ဆုကို Pink အား ပေးအပ်ခဲ့သည်။

Most Read

Most Recent