Crazy Rich Asians က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်

Crazy Rich Asians က မြောက်အမေရိက၏ ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ် ဆက်လက်ရပ်တည်
Published 28 August 2018

ပွဲဦးထွက်ပြသသည့် သီတင်းပတ်တွင် သမိုင်းတွင်လောက်အောင်ဖြစ်ခဲ့သည့် Crazy Rich Asians သည် ဒုတိယမြောက် သီတင်းပတ်တွင်လည်း ပို၍အထင်ကြီးစရာရလဒ် ရရှိခဲ့သည်။

အချစ်-ဇာတ်မြူးဇာတ်ကား Crazy Rich Asians နှင့်ပတ်သက်၍ အုတ်အုတ်ကျက်ကျက် ဖြစ်မှုများသည် ပထမသီတင်းပတ်ထက် ခြောက်ရာခိုင်နှုန်းသာ လျော့နည်းသွားခဲ့သည်ဟု သိရသည်။ ဝင်ငွေမှာမူ ဒေါ်လာ ၂၆ ဒသမ ၅ သန်းရရှိခဲ့ပြီး မြောက်အမေရိက၏ ပြီးခဲ့သည့်သီတင်းပတ်က ဝင်ငွေအများဆုံးရုပ်ရှင်စာရင်း၏ ထိပ်ဆုံးတွင် ဆက်တိုက်ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။

နှစ်ပေါင်း ၂၅ နှစ်အတွင်း အာရှသရုပ်ဆောင်များ အဓိကပါဝင်ထားသည့် ပထမဆုံး ဟောလိဝုဒ်ရုပ်ရှင် Crazy Rich Asians သည် စုစုပေါင်းဝင်ငွေဒေါ်လာ ၇၆ ဒသမ ၈ သန်းအထိ ရရှိထားပြီ ဖြစ်သည်။ နိုင်ငံတကာ၌ ပြသရာတွင်မူ ဝင်ငွေဒေါ်လာ ခြောက်သန်း ရရှိထားသည်။

ငါးမန်းဇာတ်ကား The Meg မှာမူ ရှေ့တစ်ပတ်ကထက် ဝင်ငွေထက်ဝက်နီးပါး ကျဆင်းသွားပြီး ဒေါ်လာ ၁၃ သန်းရရှိကာ စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေသည်။ The Meg သည် နိုင်ငံတကာ၌ ပြသရာတွင်ဝင်ငွေ ဒေါ်လာ ၃၂ ဒသမ ၇ သန်းအထိ ရရှိထားသည်။

ဝင်ငွေအများဆုံးစာရင်း၏ တတိယနေရာတွင် တည်ရှိနေသည်မှာ ရုပ်ရှင်ကားသစ် The Happytime Murders ဖြစ်သည်။ ပွဲဦးထွက်သီတင်းပတ်တွင် ဝင်ငွေဒေါ်လာ ၁၀ သန်းရရှိထားသော ထိုရုပ်ရှင်သည် လူသားနှင့် ရုပ်သေးရုပ်များ အတူယှဉ်တွဲနေထိုင်သည့် ကမ္ဘာတစ်ခုကို အခြေပြုရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်လမ်းမှာ ရုပ်သေး ရုပ်သံ ကြယ်ပွင့်များကို ပစ်မှတ်ထား၍ ဆက်တိုက်ဖြစ်ပွားနေသော သတ်ဖြတ်မှုများအား လူသားနှင့် ရုပ်သေးပူးပေါင်းထားသည့် ရဲတပ်ဖွဲ့က စုံစမ်းကြသည့်အကြောင်းဖြစ်သည်။ ဒေါ်လာသန်း ၄၀ အကုန်အကျခံ ရိုက်ကူးထားခြင်းဖြစ်သော he Happytime Murders သည် ရုပ်ရှင်ဝေဖန်အကဲဖြတ်ရေး ဝက်ဘ်ဆိုက် Rotten Tomatoes  တွင် Rating ၂၂ ရာခိုင်နှုန်းသာ ရရှိထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဝင်ငွေအများဆုံး နံပါတ်လေးနေရာတွင် ရှိနေသည်မှာ တွမ်ခရုဇ်၏ နာမည်ကျော် Mission း Impossible – Fallout ဖြစ်သည်။ ပြသနေသည်မှာ ပဉ္စမမြောက်သီတင်းပတ်သို့ ရောက်လာပြီဖြစ်သော တွမ်ခရုဇ်ရုပ်ရှင်သည် ဝင်ငွေဒေါ်လာ ရှစ်သန်းရရှိထားသည်။

Disney မှ ထုတ်လုပ်သော Christopher Robin သည် ဝင်ငွေဒေါ်လာ ၆ ဒသမ ၃ သန်းရရှိပြီး စာရင်း၏ နံပါတ်ငါးတွင် ရှိနေသည်။

ဝင်ငွေအများဆုံး ၁၀ ကားစာရင်းဝင်သည့် ကျန်ရုပ်ရှင်များမှာ Mile 22 (ဒေါ်လာ ၆ သန်း)၊ Alpha (ဒေါ်လာ ၅ ဒသမ ၆ သန်း)၊ Black Kklansman (ဒေါ်လာ ၅ ဒသမ ၃ သန်း)၊ A.X.L (ဒေါ်လာ ၃ သန်း)၊ Slender Man (ဒေါ်လာ ၂ ဒသမ ၈ သန်း) တို့ ဖြစ်ကြသည်။

Most Read

Most Recent