သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တေးသံရှင်စည်သူလွင်၊ ဇော်ပိုင်၊ အိမ့်ချစ်၊ မီးမီးခဲတို့ပါဝင်မည့် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တေးသံရှင်စည်သူလွင်၊ ဇော်ပိုင်၊ အိမ့်ချစ်၊ မီးမီးခဲတို့ပါဝင်မည့် ဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
Published 28 August 2018

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တေးသံရှင် စည်သူလွင်၊ ဇော်ပိုင်၊ အိမ့်ချစ်၊ မီးမီးခဲတို့ပါဝင်မည့် ဂီတဖျော်ဖြေပွဲကို စက်တင်ဘာလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၁၅ ရက်တွင် မဲလ်ဘုန်းမြို့ရှိ Syrena Polish House ၌ ကျင်းပမည်ဖြစ်သည်။ ဖျော်ဖြေမှုများအား The Shine Music Band က တီးခတ်ပေးမည်ဖြစ်ပြီး လိဒ်ဂစ်တာ Tony Su၊ Bass ဂစ်တာ Kyin San ၊ Rytham သက်နိုင်၊ Drum Brice ၊ Key boards မြတ်မင်းနှင့် Mauno တို့က တီးခတ်မည်ဖြစ်ကြောင်း သိရသည်။

“အိမ့်ချစ်တို့ စက်တင်ဘာလလယ်မှာ သြစတြေးလျကို ဖျော်ဖြေရေးခရီးစဉ် သွားဖို့ရှိတယ်။ ဒီခရီးစဉ်မှာ အိမ့်ချစ်နဲ့အတူ ကိုစည်သူလွင်၊ ကိုဇော်ပိုင်၊ မမီးမီးခဲတို့လည်း ပါဝင်ပါမယ်။ မဲလ်ဘုန်းမြို့မှာ ပြုလုပ်မှာပါ။ မဲလ်ဘုန်းက ပရိသတ်တွေနဲ့ တွေ့ဆုံချင်ပါတယ်။ သီချင်းတွေလည်း အများကြီးဖျော်ဖြေချင်ပါတယ်။ အများကြီးလည်း ပြင်ဆင်ထားပါတယ်။ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမယ့်ပွဲလေးတစ် ပွဲဖြစ်မှာပါ။ ဒါကြောင့် မဲလ်ဘုန်းက မြန်မာပရိသတ်များကို လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု တေးသံရှင်အိမ့်ချစ်က ဆိုသည်။

တေးသံရှင်စည်သူလွင်ကလည်း “ပြည်ပဖျော်ဖြေရေးခရီးလေး သွားဖို့ရှိပါတယ်။ ကျွန်တော်တို့ ဂီတမောင်နှမတွေ သွားရောက်ဖျော်ဖြေကြရမှာပါ။ ပြည်ပပွဲဆိုတာကျတော့ ဖိတ်ကြားစီစဉ်တဲ့သူတွေရှိမှ သွားဖြစ်တာဆိုတော့ အဲဒီကပရိသတ်တွေအတွက်လည်း ပျော်စရာကောင်းမယ်။ ကျွန်တော်တို့အတွက်လည်း အဲဒီကိုရောက်နေတဲ့ပရိသတ်တွေနဲ့ တွေ့ဆုံဖျော်ဖြေခွင့်ရမှာဖြစ်လို့ ပျော်ပါတယ်။ ပွဲကျရင်လည်း လာအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ သီချင်းလေးတွေကိုလည်း အကောင်းဆုံးဖျော်ဖြေတင်ဆက်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု ဆိုသည်။

တေးသံရှင်စည်သူလွင်၊ ဇော်ပိုင်၊ အိမ့်ချစ်၊ မီးမီးခဲတို့ပါဝင်မည့် ယင်းဂီတဖျော်ဖြေပွဲတွင် လက်မှတ်များကို စတင်ရောင်းချလျက်ရှိပြီး လက်မှတ်ဈေးနှုန်းများအဖြစ် အမေရိကန်ဒေါ်လာ ၃၀ နှင့် ၄၀ ဟု အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။ လက်မှတ်များကို ကြိုတင်ရောင်းချလျက်ရှိကြောင်းလည်း သိရသည်။ ဖျော်ဖြေပွဲ၌ပါဝင်မည့် ဂီတအနုပညာရှင်များသည် စက်တင်ဘာလဒုတိယပတ်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ဖျော်ဖြေပွဲအပြီးတွင် မဲလ်ဘုန်းမြို့ရှိ ထင်ရှားသောနေရာများသို့ လေ့လာလည်ပတ်မည် ဖြစ်သည်။

Most Read

Most Recent