မက္ကဆီကို ယမကာကုမ္ပဏီကြောင့် ဂျော့ကလူနီ ဝင်ငွေအများဆုံးရ အမျိုးသားသရုပ်ဆောင်ဖြစ်လာ

မက္ကဆီကို ယမကာကုမ္ပဏီကြောင့် ဂျော့ကလူနီ ဝင်ငွေအများဆုံးရ အမျိုးသားသရုပ်ဆောင်ဖြစ်လာ
Published 24 August 2018

မက္ကဆီကိုယမကာကုမ္ပဏီ Casamigos ကြောင့် ဟောလိဝုဒ်သရုပ်ဆောင်  ဂျော့ကလူနီသည် ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ အမျိုးသားသရုပ်ဆောင် ဖြစ်လာခဲ့သည်ဟု Forbes မဂ္ဂဇင်းက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၅၇ နှစ်အရွယ်ရှိ ကလူနီသည်၂၀၁၇ ခုနှစ် ဇွန်နှင့် ၂၀၁၈ ခုနှစ် ဇွန်အတွင်း ဝင်ငွေဒေါ်လာ ၂၃၉ သန်းခန့်ရရှိခဲ့သည်ဟု Forbes က ဆိုသည်။  ၂၀၁၆ ခုနှစ်တွင် Money Monster ဇာတ်ကား ဖြန့်ချိခဲ့ပြီးနောက် ဇာတ်ကားသစ်ရိုက်ကူးခဲ့ခြင်း မရှိသော်လည်း ကလူနီသည် ၎င်းပူးတွဲတည်ထောင်ထားသည့် Casamigos ယမကာကုမ္ပဏီအား ၂၀၁၇ ခုနှစ် ဇွန်တွင် ဗြိတိန်ယမကာကုမ္ပဏီ Diageomigos ထံ ရောင်းချခဲ့မှုကြောင့် ဝင်ငွေမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီရောင်းချမှုမှရရှိသည့် ငွေများအနက် ဒေါ်လာ ၂၁ သန်းထက် မနည်းကို ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ၎င်းတို့၏ ဖောင်ဒေးရှင်းမှတစ်ဆင့် လှူဒါန်းရန်စီစဉ်ထားသည်ဟု ကလူနီနှင့် ၎င်း၏ဇနီး အမယ်ကလူနီက ပြောကြားသည်။

လက်ဝှေ့ကြိုးဝိုင်းတွင် The Rock ဟု ခေါ်ဆိုသည့် အက်ရှင်သရုပ်ဆောင် ဒွိန်းဂျွန်ဆင်သည် ဒေါ်လာ ၁၁၉ သန်းဖြင့် Forbes ၏ ဝင်ငွေအများဆုံးရ အမျိုးသားသရုပ်ဆောင်စာရင်း၏ နံပါတ်(၂)နေရာတွင် ရပ်တည်ခဲ့သည်။ Jumanji း Welcome to the Jungle ဇာတ်ကားနှင့် အခြားလုပ်ငန်းများကြောင့် ဒွိန်းဂျွန်ဆင်၏ ဝင်ငွေသည် ၁၂ လအတွင်း နှစ်ဆမြင့်တက်လာခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

Iron Man သရုပ်ဆောင် ရောဘတ်ဒေါင်းနင်းဂျူနီယာသည် ဝင်ငွေဒေါ်လာ ၇၃ သန်းဖြင့် အဆိုပါစာရင်း၏ တတိယနေရာတွင်ဖော်ပြခံခဲ့ရပြီး ခရစ်ဟမ်းစ်ဝါ့သ်နှင့် ဂျက်ကီချန်းတို့က ဒေါ်လာ ၆၄ ဒသမ ၅ သန်းနှင့် ဒေါ်လာ ၄၅ ဒသမ ၅ သန်းတို့ဖြင့် စတုတ္ထနှင့်ပဉ္စမနေရာတို့တွင် အသီးသီးဖော်ပြခံခဲ့ရသည်။

ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ အမျိုးသားသရုပ်ဆောင်စာရင်း၏ ထိပ်တန်း ၁၀ ဦးတွင် ဖော်ပြခံရသူများ၏ စုစုပေါင်းဝင်ငွေသည် ဒေါ်လာ ၇၈၄ သန်းရှိသည်ဟု  Forbes က ထုတ်ပြန်ခဲ့သည်။

ဝင်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်စာရင်းတွင်မူ စကားလက်ဂျိုဟန်ဆန်က ဒေါ်လာ ၄၀ ဒသမ ၅ သန်းဖြင့် နံပါတ် (၁) နေရာတွင် ဖော်ပြခံခဲ့ရသည်။ ယင်းစာရင်း၏ ထိပ်တန်းနေရာ၌ ဖော်ပြခံရသူ ၁၀ ဦး၏ စုစုပေါင်းဝင်ငွေသည် ဒေါ်လာ ၁၈၆ သန်းမျှသာ ရှိသည်။

Most Read

Most Recent