Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်

Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်
Published 21 August 2018

Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင် တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်ခဲ့ကြောင်း သိရသည်။ မိုရီဆာကီဝင်းအား ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာစေရန်၊ ဂျပန်ခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံတွင်သာမက မြန်မာနိုင်ငံတွင်လည်း အောင်မြင်မှုရရှိနေသည့် မိုရီဆာကီဝင်းကိုသံတမန် တစ်ဦးအဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

“မိုရီဆာကီဝင်းက မြန်မာနိုင်ငံဖွား အနုပညာရှင်တစ်ဦးပါ။ သူက မြန်မာနိုင်ငံမှာလည်း ပရိသတ်အခိုင်အမာ ရရှိအားပေးခံနေ ရသူဖြစ်သလို ဂျပန်နိုင်ငံမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နိုင် သူတစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့  နှစ်နိုင်ငံအနုပညာ ပူးပေါင်းဖလှယ်မှုများစွာကိုလည်း  လုပ်ဆောင်နေသလို ထပ်မံလုပ်ဆောင်ချင်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာခရီးသွား လုပ်ငန်းတွေ ဂျပန်နိုင်ငံမှာ ပိုမိုသိရှိကျယ်ပြန့်လာစေဖို့၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူကနေတစ်ဆင့် ပိုမိုသိရှိစေဖို့နဲ့ မြန်မာနိုင်ငံကို ဂျပန်ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက်လည်ပတ်စေဖို့ ရည်ရွယ်ပြီး သံတမန်အဖြစ် ခန့်အပ်ခဲ့တာပါ။ သူ့အနေနဲ့လည်း ဒီလိုခန့် အပ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု Myanmar Tourism Federation မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုရီဆာကီဝင်းသည် လက်ရှိတွင် ဂျပန်တေးသံရှင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် Prizmax အဖွဲ့အနေဖြင့် တေးသီချင်း သီဆိုဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိသည်။  ထို့ပြင် ဂျပန်မြန်မာချစ်ကြည်ရေးအနေဖြင့် ရိုက်ကူးထားသည့် ဇာတိမြေရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်ထားကာ မကြာခင်က ရုံတင်ပြသနိုင်ခဲ့သည်။ မိုရီဆာကီဝင်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်တစ်ခုတွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်သည်များ၊ အမှတ်တရနေရာများအား ဂျပန်ရုပ်သံလိုင်းတစ်ခုမှ ရိုက်ကူးကာထုတ်လွှင့် ပြသခဲ့သည်။ လက်ရှိတွင် အိုးရှင်းရုပ်သံ ဇာတ်လမ်းတွဲ၏ အစီအစဉ်တစ်ခုအဖြစ် အိုးရှင်းဇာတ်လမ်းတွဲရိုက်ကူးခဲ့သည့် အမှတ်တရနေရာများအားလည်း မိုရီဆာကီဝင်းက သွားရောက်လေ့လာရိုက်ကူးကာ MNTV ရုပ်သံလိုင်း၌ ပြသလျက်ရှိသည်။ မိုရီဆာကီဝင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားသံတမန် တစ်ဦးအဖြစ် မြန်မာနိုင်ငံ၏ လှပထင်ရှားမှု များ၊ မြန်မာလူမျိုးတို့၏ ချစ်စဖွယ်ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုဖော်ရွေပျူငှာမှုများကို ဂျပန်နိုင်ငံတွင် လက်ဆင့်ကမ်းမျှဝေနိုင်ရန်  ဆောင်ရွက်သွားမည် ဖြစ်သည်။

Most Read

Most Recent