အမေရိကန်တေးသံရှင် Lancifer ရေးသားကာ တေးသံရှင် ဖြူဖြူကျော်သိန်း သီဆိုထားသည့် ‘အချစ်ကိုယုံကြည်ဆဲပဲ’ တေးသီချင်းသစ် Music Video ရိုက်ကူး

အမေရိကန်တေးသံရှင် Lancifer ရေးသားကာ တေးသံရှင် ဖြူဖြူကျော်သိန်း သီဆိုထားသည့် ‘အချစ်ကိုယုံကြည်ဆဲပဲ’ တေးသီချင်းသစ် Music Video ရိုက်ကူး
Published 18 August 2018

အမေရိကန်တေးသံရှင် Lancifer ရေးသားတီးခတ်ပေးထားကာ တေးသံရှင်ဖြူဖြူကျော်သိန်း သီဆိုသည့် ‘အချစ်ကိုယုံကြည်ဆဲပဲ’ တေးသီချင်းသစ် Music Video အား ရိုက်ကူးထားကြောင်း သိရသည်။ အဆိုပါတေးသီချင်းသစ် Music Video ကို ဖိလစ်ပိုင်ဒါရိုက်တာ Milos နှင့် FG Entertainment အဖွဲ့ဝင်များက ကူညီပုံဖော်ပေးထားခြင်းဖြစ်ကာ တေးသံရှင်ဖြူဖြူကျော်သိန်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

“ဖြူဖြူရဲ့  ဂီတသက်တမ်း ၁၅ နှစ်ပြည့်တဲ့နေ့လေးမှာ သီချင်းသစ် Music Video လေးရိုက်ကူးရင်း ဖြတ်သန်းခွင့်ရတာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အားပေးကြတဲ့ပရိသတ်တွေ၊ ဂီတခရီးလမ်းတစ်လျှောက်မှာ ပံ့ပိုးပေးကြတဲ့ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာသမားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီသီချင်းသစ်လေးကတော့ အချစ်ကိုယုံကြည်ဆဲပဲဆိုတဲ့ သီချင်းသစ်လေးပါ။ ဖြူဖြူဖြစ်ချင်တာကို စိတ်တိုင်းကျတဲ့အထိ ဖန်တီးပေးခဲ့တဲ့ Lancifer ၊ Music Video ရိုက်ကူးရာမှာ Milos နဲ့ FG Entertainment အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ Music Video ရိုက်ကူးရေးမှာ ဖြူဖြူဖြစ်ချင်သမျှလုပ်ပေးတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ပညာရှင်၊ Location ကူညီပေးတဲ့ Vintage Luxury Yatch အပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီသီချင်းလေးထွက်လာတဲ့အခါ ပရိသတ်တွေအတွက် ထူးခြားတဲ့ရသမျိုးလေး ပေါ်လွင်အောင် ကြိုးစားထားပါတယ်။ ပရိသတ်တွေအတွက် ဖြူဖြူရဲ့ အမှတ်တရသီချင်းသစ် တစ်ပုဒ်ဖြစ်စေဖို့ ကြိုးစားထားတာကြောင့် နားဆင်ပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု တေးသံရှင်ဖြူဖြူကျော်သိန်းက ဆိုသည်။

Iron Cross မှ ပထမဆုံးစင်တင်ပွဲထုတ်ခဲ့ကာ ပထမဆုံးတစ်ကိုယ်တော်ခွေထွက်ရှိစဉ်ကပင် ပရိသတ်စိတ်ဝင်စားအားပေးမှု ရရှိခဲ့သည့် တေးသံရှင်ဖြူဖြူကျော်သိန်းသည် လက်ရှိတွင် ဂီတသက်တမ်း ၁၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ဂီတသက်တမ်း ၁၅ နှစ် ပြည့်သည့်နေ့တွင် တေးသီချင်းသစ် Music Video အား ထူးခြားသည့် ဖက်ရှင်ဒီဇိုင်းဝတ်ဆင်မှုများ၊ လှပခမ်းနားသည့် ရိုက်ကူးမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်း Music Video ကို မကြာမီထုတ်လွှင့်သွားရန်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent