Train to Busan ၏ နောက်ဆက်တွဲ ဇာတ်ကားရိုက်ကူးမည်

Train to Busan ၏ နောက်ဆက်တွဲ ဇာတ်ကားရိုက်ကူးမည်
Published 17 August 2018

ကိုရီးယားလက်မှတ်ရောင်းချမှု ဝင်ငွေစံချိန်တင်ခဲ့သည့် အနာဂတ်မျှော်သည်း ထိတ်ရင်ဖိုအက်ရှင်ဇာတ်ကား Train to Busan ၏ နောက်ဆက်တွဲဇာတ်ကားကို ရိုက်ကူးရန် အသင့်ဖြစ်နေပြီဟု ဒါရိုက်တာ Yeon Sang –ho က အတည်ပြုခဲ့သည်။

ဆိုးလ်မှ ဘူဆန်သို့ ဦးတည်သွားရောက်သည့် အမြန်ရထားတစ်စင်းပေါ်တွင် Zombie တိုက်ခိုက်ခံရပြီး ဗိုင်းရပ်စ်ပိုး ရထားတစ်စင်းလုံးသို့ ပျံ့နှံ့ခဲ့ပြီးနောက် အသက်ရှင်လွတ်မြောက်ရန် ကြိုးစားသည့်အကြောင်း ရိုက်ကူးထားသည့် Train to Busan ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှု ဝင်ငွေ ဒေါ်လာသန်း ၉၀ ကျော်ရရှိခဲ့သည်။

ဂေါင်ယိုး၊ Ma Dong-seok ၊ ဂျန်ယူမီ၊ ကင်ဆူအန်၊ Kim Eui-sung ၊Choi Wooshik နှင့် Ahn So-hee တို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည့် Train to Busan ဇာတ်ကားသည် ကိုရီးယားနိုင်ငံ၏ တစ်သက်တာ ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းတွင် နံပါတ် (၁၁) နေရာ၌ရှိကြောင်း ကိုရီးယားရုပ်ရှင်ကောင်စီ (KO FIC) က ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်ကားကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဆန်းသစ်ရိုက်ကူးရန် ပြင်သစ်စတူဒီယို Gaumont က ၂၀၁၆ ခုနှစ်တွင် မူပိုင်ခွင့် ဝယ်ယူခဲ့သည်။

၂၀၁၆ ခုနှစ်က ဖြန့်ချိခဲ့သည့် မူရင်းဇာတ်ကားတွင် ရထားတစ်စင်းကို ဇာတ်အိမ်ပြုရိုက်ကူးခဲ့သော်လည်း နောက်ဆက်တွဲ ဇာတ်ကားတွင်မူ Zombie တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် မြို့တစ်မြို့ကို အခြေပြုရိုက်ကူးမည် ဖြစ်သည်။

ဇာတ်ကားအမည်ကို Peninsula ဟု ယာယီအမည်ပေးထားပြီး လာမည့်နှစ်ပထမနှစ်ဝက်တွင် စတင်ရိုက်ကူးရန် မျှော်မှန်းထားကြောင်း Yeon Sang-ho က ပြောကြားသည်။

နောက်ဆက်တွဲဇာတ်ကားတွင် မူရင်းဇာတ်ကားမှသရုပ်ဆောင်များ ပြန်လည်ပါဝင်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

Most Read

Most Recent