Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်မည်

Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်မည်
Published 14 August 2018

Myanmar Tourism Promotion Brand Ambassador အဖြစ် သရုပ်ဆောင်တေးသံရှင် မိုရီဆာကီဝင်းအား ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။ မိုရီဆာကီဝင်းအား ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာစေရန်၊ ဂျပန်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ခန့်အပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“မိုရီဆာကီဝင်းက မြန်မာနိုင်ငံဖွား အနုပညာရှင်တစ်ဦးပါ။ သူက မြန်မာနိုင်ငံမှာလည်း ပရိသတ် အခိုင်အမာ ရရှိအားပေးခံနေရသူဖြစ်သလို ဂျပန်နိုင်ငံမှာလည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူ့အနေနဲ့ နှစ်နိုင်ငံ အနုပညာ ပူးပေါင်းဖလှယ်မှုများစွာကိုလည်း လုပ်ဆောင်နေသလို ထပ်မံလုပ်ဆောင်ချင်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာခရီးသွားလုပ်ငန်းတွေ ဂျပန်နိုင်ငံမှာ ပိုမိုသိရှိကျယ်ပြန့်လာစေဖို့၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူကနေတစ်ဆင့် ပိုမိုသိရှိစေဖို့နဲ့ မြန်မာနိုင်ငံကို ဂျပန်ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည်ပတ်စေဖို့ ရည်ရွယ်ပြီး သံတမန်အဖြစ် ခန့်အပ်သွားမှာပါ။ သူ့အနေနဲ့လည်း ဒီလိုခန့်အပ်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Myanmar Tourism Federation မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မိုရီဆာကီဝင်းသည် လက်ရှိတွင် ဂျပန်ရှိ Prizmax အဖွဲ့နှင့်အတူ ဖျော်ဖြေမှုများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ဂျပန်မြန်မာချစ်ကြည်ရေး အနေဖြင့် ရိုက်ကူးထားသည့် ဇာတိမြေရုပ်ရှင်ဇာတ်ကားတွင်လည်း ပါဝင်ထားသည်။ မိုရီဆာကီဝင်းသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်တစ်ခုတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သည်များ၊ အမှတ်တရနေရာများအား ဂျပန်ရုပ်သံလိုင်းတစ်ခုမှ ရိုက်ကူးကာ ထုတ်လွှင့်ပြသခဲ့သည်။ လက်ရှိတွင် အိုးရှင်းရုပ်သံဇာတ်လမ်းတွဲ၏ အစီအစဉ်တစ်ခုအဖြစ် အိုးရှင်းဇာတ်လမ်းတွဲ ရိုက်ကူးခဲ့သည့် အမှတ်တရနေရာများသို့ မိုရီဆာကီဝင်းက သွားရောက်လေ့လာ ရိုက်ကူးကာ MNTV ရုပ်သံလိုင်း၌ ပြသလျက်ရှိသည်။ မိုရီဆာကီဝင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားသံတမန်တစ်ဦးအဖြစ် မြန်မာနိုင်ငံ၏ လှပထင်ရှားမှုများ၊ မြန်မာလူမျိုးတို့၏ ချစ်စဖွယ် ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုဖော်ရွေပျူငှာမှုများကို ဂျပန်နိုင်ငံတွင် လက်ဆင့်ကမ်းမျှဝေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent