Myanmar Idol Winner ဆုရှင် ဖြိုးမြတ်အောင်နှင့် တွေ့ဆုံခြင်း

Myanmar Idol Winner ဆုရှင် ဖြိုးမြတ်အောင်နှင့် တွေ့ဆုံခြင်း
Published 14 August 2018

‘ပရိသတ်တွေ အားပေးမှုနဲ့ ထိုက်တန်တဲ့သူဖြစ်အောင် ကြိုးစားပါမယ်။ ပရိသတ်ရင်ထဲ ကျန်ခဲ့မယ့်သီချင်းမျိုးတွေ၊ ခွန်အားပေးနိုင်မယ့် သီချင်းမျိုးတွေ ဆိုနိုင်ဖို့ ကြိုးစားပါမယ်’

Myanmar Idol Season 3 Grand Final ပြိုင်ပွဲတွင် Winner ဆုအား ဆွတ်ခူးပြီးနောက် ဖြိုးမြတ်အောင်နှင့်တွေ့ဆုံ၍ Winner ဆု ရရှိခြင်းအတွက် ခံစားချက်၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် ဂီတလုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်ထားသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - Winner ဆုရသွားတဲ့ ခံစားချက်ကို အရင်ဆုံး ပြောပြပေးပါဦး။

ဖြေ - ပထမဆုံးတော့ အခုလို Winner ဆုရခဲ့တယ်ဆိုတာက ကျွန်တော့်ကို အားပေးကြတဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရော၊ ပြည်ပက ပရိသတ်တွေရော၊ ဧရာဝတီတစ်တိုင်းလုံးက ပရိသတ်တွေကြောင့်ပါ။ ဒါကြောင့် ပရိသတ်တွေအားလုံး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ Winner ဆုရတဲ့ ခံစားချက်က အရမ်းပျော်တာပေါ့ဗျာ။ ဒီရည်ရွယ်ချက်၊ ဒီပန်းတိုင်အတွက်ပဲ ကျွန်တော်ပြိုင်ပွဲတစ်လျှောက်လုံး ကြိုးစားခဲ့တယ်။

■ မေး - ဆုရသွားတဲ့သီချင်းကို ချမ်းမြေ့မောင်ချိုကို လက်ဆောင်အဖြစ်ပေးဖြစ်တာကရော။

ဖြေ - ပြိုင်ပွဲမတိုင်ခင်ညမှာ မောင်ချိုကို ဆေးရုံမှာ ကျွန်တော်တို့အားလုံး သွားကြည့်ကြတယ်။ အဲဒီကပြန်လာတဲ့အခါ ပြိုင်ပွဲမှာ ကျွန်တော်တို့နှစ်ယောက်လုံးဆိုရမယ့် သီချင်းသစ်တစ်ပုဒ်က Winner ရတဲ့သူ ပိုင်မယ်ဆိုတာကို သိခွင့်ရတယ်။ အဲဒီတုန်းက သူလာပြိုင်မယ်လို့ ကျွန်တော်ထင်ထားတာ။ သူကလည်း ဒီသီချင်းလေးကို အရမ်းဆိုချင်တယ်လို့ ပြောတာကို ကျွန်တော်ကြားလိုက်တယ်။ အဲဒီကတည်းက နှစ်ယောက်ပြိုင်ကြလို့ မတော်တဆ ကျွန်တော်များ Winner ဖြစ်ခဲ့လို့ရင် သူ့အတွက် လက်ဆောင်ပေးမယ်လို့ စိတ်ထဲမှန်းထားတာ။ တကယ်လည်း ဒီသီချင်းလေး ကိုယ်ရခဲ့တော့ သူ့ကိုလက်ဆောင်ပေးဖြစ်လိုက်တယ်။ တကယ်လည်း သူအရမ်းပျော်သွားတယ်လေ။ သူ့ကို ပျော်စေချင်တယ်။

■ မေး - ပြိုင်ပွဲတစ်လျှောက်မှာရော၊ Grand Final ညအထိကို သူ့ဘက် ကိုယ့်ဘက်ပရိသတ်တွေကြားမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ပြီး ဝေဖန်မှုတွေလည်းရှိခဲ့တော့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ - ဝေဖန်မှုဆိုတာကတော့ လျစ်လျူရှုလိုက်တာပါပဲ။ ဝေဖန်မှုကြားမှာ ကိုယ့်အားနည်းချက်ကို ထောက်ပြတာမျိုးလည်း ရှိတယ်လေ။ ဒီလိုထောက်ပြတာတွေကိုလည်း ကျွန်တော် ပြင်ဆင်တယ်။ သက်သက်တိုက်ခိုက်တဲ့ ပုံစံမျိုး ဝေဖန်တာတွေကိုတော့ စိတ်ထဲမှာ မထားဘူး။ အဓိကတော့ ကျွန်တော်လက်ခံထားတာက အကောင်းဆုံး ကြိုးစားမယ်။ ကျွန်တော် အရမ်းဖြစ်ချင်တဲ့၊ ရောက်ချင်တဲ့ ဂီတခရီးလမ်းမှာ အကောင်းဆုံး တတ်စွမ်းသလောက် ကြိုးစားမယ်။ ပရိသတ်တွေအတွက်လည်း သူတို့ ကျွန်တော့်ကို အားပေးရကျိုးနပ်အောင် ကြိုးစားမယ်။ ဒါပဲ အမြဲတွေးထားပြီး နေထိုင်ခဲ့ပါတယ်။

■ မေး - ဆုရတဲ့ငွေကြေးတွေကိုရော ဘယ်လိုနေရာတွေမှာ အသုံးချသွားမယ်လို့ စိတ်ကူးထားလဲ။

ဖြေ - ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ်။ ကျောင်းဆောက်မယ်။ ပညာရေးအတွက် လိုအပ်တာတွေမှာလည်း လှူဒါန်းချင်တယ်။ အမေ့ဆန္ဒတွေ အိပ်မက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်တော့မှာဖြစ်လို့ တကယ်ဝမ်းသာရပါတယ်။

■ မေး - ပြိုင်ပွဲနဲ့ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာများ ရှိမလား။

ဖြေ - ဆုရတယ်လို့ ကြေညာပေးလိုက်တဲ့အချိန်မှာ အရမ်းလည်းစိတ်လှုပ်ရှားပြီး တကယ့်ကို ပျော်ရွှင်စိတ်တွေနဲ့ ကျေးဇူးတင်စကားပြောဖို့ ကျန်ခဲ့သူတွေလည်း ရှိပါတယ်။ ဆရာမထရေစီ၊ ဆရာဥက္ကာတို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာနဲ့ဆရာမတို့ သင်ကြားမှုတွေကို ဂီတလျှောက်လှမ်းမှု ခရီးလမ်းမှာ သယ်ဆောင်သွားပြီး အမြဲတမ်း လိုက်နာသွားမှာပါ။ ကျွန်တော့်အတွက် Voting ပေးပြီးအားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်မရှိမဲ့ ရှိမဲ့အချိန်မှာ ထမင်းအတူတူငတ်ခံပြီး အလုပ်လုပ်ခဲ့တဲ့ Band ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ဘဝမှာ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ ဆရာ ဆရာမတွေ၊ မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

■ မေး - ဂီတနဲ့ပတ်သက်လို့ ဘာတွေထပ်လုပ်ဖို့ရှိမလဲ။

ဖြေ - အခု ကျွန်တော်တို့ ကိုယ့်မြို့ပြန်တော့မယ်ဆိုတော့ ကျွန်တော့်မိသားစုပရိသတ်တွေနဲ့ တွေ့ဆုံချင်တယ်။ အရမ်းလည်းတွေ့ချင်နေပြီ။ သီချင်းတွေလည်း ဖျော်ဖြေချင်တယ်။ အဲဒီလို အမှတ်တရပွဲလေးတစ်ပွဲ လုပ်ချင်တဲ့စိတ်ကူးရှိတယ်။ လောလောဆယ် အားတင်းထားပြီး ပြိုင်ခဲ့တယ်။ အခုတော့ စိတ်လျှော့လိုက်တဲ့အချိန်ဆိုတော့ ဖျားနေပြီ။ ကျန်းမာရေးကောင်းသွားပြီဆိုရင် ဒီလိုအမှတ်တရပွဲလေး လုပ်နိုင်ဖို့ အမြန်ဆုံး ကြိုးစားပါမယ်။ ဂီတကတော့ သီချင်းတွေလည်း ဆက်လုပ်သွားပါမယ်။ ကျွန်တော် ဆိုချင်တဲ့သီချင်းလေးတွေ အခုဆိုခွင့်ရတော့မယ်။ ဒါကြောင့် ကျွန်တော်ဖြစ်ချင်တဲ့ လမ်းကြောင်းအတိုင်း အများကြီးကြိုးစားပါမယ်။ ခွန်အားတွေလည်း အများကြီး ရှိပါတယ်။ ပရိသတ်တွေအားပေးမှုနဲ့ ထိုက်တန်တဲ့သူဖြစ်အောင် ကြိုးစားပါမယ်။ ပရိသတ်ရင်ထဲကျန်ခဲ့မယ့်သီချင်းမျိုးတွေ၊ ခွန်အားပေးနိုင်မယ့်သီချင်းမျိုးတွေ ဆိုနိုင်ဖို့ ကြိုးစားပါမယ်။

■ မေး - ပြိုင်ပွဲတစ်လျှောက်လုံးမှာ ဘယ်လိုအရာတွေ အဓိကသင်ယူနိုင်ခဲ့တယ်လို့ ပြောလို့ရမလဲ။

ဖြေ - သင်ယူခွင့်ရခဲ့တာတွေကတော့ အများကြီးပါပဲ။ ဂီတနဲ့ပတ်သက်လို့ စေတနာအပြည့်နဲ့ သင်ကြားပြသပေးတဲ့ ဆရာဥက္ကာဦးသာနဲ့ ဆရာမထရေစီတို့ဆီက လေ့လာမှတ်သားစရာတွေ အများကြီး ရပါတယ်။ ဒိုင်လေးဦးအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့ ကိုရန်လေး၊ အန်ကယ်ဦးသိန်းတန်၊ မတင်ဇာမော်၊ ကိုမျိုးကျော့တို့ဆီကလည်း တကယ့်ကိုအဖိုးတန်တဲ့ သင်ကြားပေးမှုတွေ ရပါတယ်။ ပြီးတော့ ပြိုင်ပွဲဝင်အချင်းချင်းဆီကလည်း လေ့လာအတုယူရမှာတွေ၊ မှတ်သားရမှာတွေ အများကြီး သင်ယူခွင့်ရပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်က သီချင်းပုံစံတိုင်းကို အရင်ကနားထောင်လေ့ မရှိခဲ့ဘူး။ ကိုယ်အားသန်ရာကိုပဲ နားထောင်တယ်။ အခုပြိုင်ပွဲဝင်တဲ့အခါကျတော့ သီချင်းပုံစံတိုင်းကို ကျေညက်အောင် နားထောင်ထားသင့်တယ်ဆိုတာ သိခွင့်ရလာတယ်။ စိတ်အားငယ်တတ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ အခြေအနေမျိုးကနေ အားပေးကြသူတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ရလာတယ်။ ဒီပြိုင်ပွဲက ကျွန်တော့်အတွက်တော့ ဂီတလမ်းကြောင်းပေါ် ရောက်ရှိစေခဲ့တဲ့နေရာတစ်ခုပါ။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

■ မေး - ပရိသတ်တွေကို ပြောချင်တဲ့စကား လက်ဆောင်များရှိမလား။

ဖြေ - ပြိုင်ပွဲတစ်လျှောက်လုံးမှာ ကျွန်တော့်အတွက် ငွေကုန်ကြေးကျခံပြီး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် အမြဲကျင့်သုံးတဲ့ ဆောင်ပုဒ်လေးတစ်ခုကိုလည်း လက်ဆင့်ကမ်းပေးချင်ပါတယ်။ လုပ်ဆောင်မှုတိုင်းမှာ စာနာစိတ်ထားပါဆိုတာလေးပါ။ ကျွန်တော့်ကို အားပေးကြသူတွေရဲ့ အားပေးမှုနဲ့ ထိုက်တန်သူဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။

Most Read

Most Recent