<

ချစ်သုဝေ၏မွေးနေ့ လှူဒါန်းမှုအဖြစ်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ သုခရိပ်မြုံ အိပ်ခ်ျအိုင်ဗွီလူငယ်ဖွံ့ဖြိုးရေးဂေဟာတို့တွင် လှူဒါန်းမှုများပြုလုပ်

သရုပ်ဆောင်တေးသံရှင် ချစ်သုဝေ၏ သြဂုတ် ၁၀ ရက်တွင် ကျရောက်သည့် မွေးနေ့လှူဒါန်းမှုအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်ဆယ်သိန်း၊ We Love Chit Thu Wai Treza’s Family အဖွဲ့သားများ နှင့် စုပေါင်းကာ သုခရိပ်မြုံအိပ်ခ်ျအိုင်ဗွီ လူငယ်ဖွံ့ဖြိုးရေးဂေဟာတွင် အလှူငွေနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုသို့ သရုပ်ဆောင်ချစ်သုဝေ ကိုယ်တိုင် We Love အဖွဲ့သားများနှင့်အတူ လိုက်ပါလှူဒါန်းခဲ့ကာ ကလေးငယ်များနှင့် ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

“ထရီဇာမွေးနေ့လေးမှာ လှူဒါန်းဖို့စဉ်းစားတဲ့အခါ လက်ရှိကြုံတွေ့နေကြရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ ငွေကျပ်ဆယ်သိန်း လှူဖြစ်တယ်။ Ferovit ကလည်း ထရီဇာအတွက် လှူပေးချင်တယ်ဆိုတာကြောင့် ထရီဇာလှူတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာပဲ လိုက်ပါ လှူဒါန်းပေးတယ်။ ပြီးတော့ We Love အဖွဲ့ဝင်တွေက ထရီဇာအတွက်နှစ်စဉ်အတိုင်းပဲ မွေးနေ့အလှူလေးကို သုခရိပ်မြုံဂေဟာမှာ လှူဒါန်းဖို့စီစဉ်ထားတယ် ဆိုတဲ့အခါ လိုက်ပါ ဖြစ်ခဲ့တယ်။သူတို့လေးတွေနဲ့အတူမွေးနေ့ ကိတ်ခွဲတယ်။ မုန့်လေးတွေနဲ့လိုအပ်တာတွေ ဝေပေးတယ်။ သူတို့လေးတွေကိုမြင်ရတဲ့အခါ အရွယ်နဲ့မမျှအောင် ရောဂါကြောင့်ဆေး တွေလည်းသောက်နေရတယ်၊ မိဘမဲ့ဆိုတဲ့ ခံစားမှုကလည်းရှိနေတာကိုတွေးပြီး စိတ်မကောင်းဖြစ်ရတယ်။ ကိုယ်တိုင်လည်း မိခင် တစ်ယောက်ဖြစ်နေတဲ့အခါ ဒီကလေးလေးတွေကိုမြင်ရတာပိုပြီးစိတ်မကောင်းဖြစ်မိတယ်။ သူတို့လေးတွေအတွက် ဆရာမတွေ ကစနစ်တကျ စောင့်ရှောက်ပေးနေတာတွေ မြင်ရလို့တော့ ကျေနပ်မိပါတယ်။ နောက်ပိုင်းလည်း ဒီမှာစာကြည့်တိုက်လေး လာလုပ်ပေးဖို့စိတ်ကူးထားတယ်။ မွေးနေ့မှာကတော့ အထူးသဖြင့် သူ့ဘ၀ဖြတ်သန်းမှုတစ်လျှောက်လုံးမှာ ထရီဇာတို့အတွက်ပေးဆပ်ခဲ့တဲ့ မေမေ့ကို ကျေးဇူးအရမ်းတင်ရပါတယ်။ ဖေဖေကိုလည်း ထရီဇာလျှောက်ချင်တဲ့လမ်းမှာ မှန်ကန်တည့်မတ်အောင်လျှောက်လှမ်းစေတဲ့အတွက် ကျေးဇူးတင်ရတယ်။ ထရီဇာ ဘေးနားမှာရှိနေပေးတဲ့ကိုလင်း၊ သမီးလေးတွေ၊ မိသားစုဝင်တွေ၊ ချစ်ရတဲ့ပရိသတ်တွေ အားလုံးကြောင့် ပျော်ရွှင်ရတဲ့မွေးနေ့လေး ဖြစ်ရပါတယ်။ ဒီလိုမေတ္တာတွေနဲ့ပဲထရီဇာ ကျေနပ်ရောင့်ရဲပါတယ်” ဟု သရုပ်ဆောင် ချစ်သုဝေက မွေးနေ့ခံစားချက်နှင့်ပတ်သက်၍ ပြောပြခဲ့သည်။

August 11, 2018














Copy Protected by Chetan's WP-Copyprotect.