Shinhwa အဖွဲ့က ဂီတသက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အယ်လ်ဘမ်သစ် ဖြန့်ချိမည်

Shinhwa အဖွဲ့က ဂီတသက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အယ်လ်ဘမ်သစ် ဖြန့်ချိမည်
Published 9 August 2018

ကေပေါ့ပ်သမိုင်းတစ်လျှောက်တွင် သက်တမ်းအရှည်ဆုံးအမျိုးသားအဆိုတော်  အဖွဲ့ဖြစ်သည့် Shinhwa က ဂီတသက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် အယ်လ်ဘမ်သစ်ဖြန့်ချိပြီး ဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့၏ အေဂျင်စီက သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားအဆိုတော်ခြောက်ဦးပါဝင်သည့်  Shinhwa အဖွဲ့သည် SM Entertainment က ဖွဲ့စည်းသည့် ပထမဆုံး အမျိုးသားအဆိုတော်အဖွဲ့အဖြစ် ၁၉၉၈ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည်။ Eric Mun၊  Lee Min-woo၊ Kim Dong-wan၊ Shin Hye-sung ၊Jun Jin နှင့် Andy Lee တို့ ပါဝင်သည့် ယင်းအဖွဲ့သည်  Hey, Come On! ၊ "Wild Eyes စသည့် သီချင်း များဖြင့် ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် အောင်မြင်ခဲ့သည်။

“Shinhwa အဖွဲ့ရဲ့ အထူးအယ်လ်ဘမ် Heart ကို အဖွဲ့ရဲ့ ဂီတသက်တမ်း နှစ် ၂၀ ပြည့်နေ့ဖြစ်တဲ့ သြဂုတ် ၂၈ ရက်မှာ ဖြန့်ချိမှာပါ” ဟု ယင်းအဖွဲ့၏ အေဂျင်စီ Shinhwa Conmpany က ထုတ်ပြန်ခဲ့သည်။

Shinhwa အဖွဲ့သည် SM Entertainment နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ကိုယ်တိုင်အေဂျင်စီ မတည်ထောင်မီ၂၀၀၄ ခုနှစ်တွင် Good Entertainment နှင့် စာချုပ်ဆိုခဲ့သည်။ Shinhwa နှင့်ပတ်သက်ပြီး SM Entertainment နှင့် တရားရင်ဆိုင်ရခဲ့သော်လည်း ယင်းအဖွဲ့သည် မူလအေဂျင်စီနှင့် လမ်းခွဲခဲ့ပြီးနောက် အောင်မြင်သည့်ဂီတလမ်းကြောင်းကို ဆက်လက်ဦးဆောင်နိုင်ခဲ့သည့် ပထမဆုံးကေ ပေါ့ပ်အဖွဲ့လည်း ဖြစ်သည်။

ဂီတသက်တမ်း နှစ် ၂၀ အတွင်း ယင်းအဖွဲ့သည် ကိုရီးယားအယ်လ်ဘမ် ၁၃ ခု၊ ဂျပန်အယ်လ်ဘမ်တစ်ခုနှင့် လက်ရွေးစင်သီချင်းများ စုစည်းထားသည့်အယ်လ်ဘမ်များကို ဖြန့်ချိခဲ့သည်။

Shinhwa အဖွဲ့သည် ဆိုးလ်အရှေ့ တောင်ပိုင်းရှိ အိုလံပစ်အားကစားရုံတွင် အောက်တိုဘာ ၆ ရက်မှစပြီး နှစ်ရက်ကြာ ဖျော်ဖြေမည်ဟုလည်း ယင်းအဖွဲ့၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent