တေးသံရှင် ကေကေမိုး၏ ငယ်စဉ်ဘ၀ အမှတ်တရဖြတ်သန်းရာ

တေးသံရှင် ကေကေမိုး၏ ငယ်စဉ်ဘ၀ အမှတ်တရဖြတ်သန်းရာ
Published 9 August 2018

 

အခုတစ်ပတ်အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝအမှတ်တရဖြတ်သန်းရာကဏ္ဍမှာတော့ လတ်တလောရေပန်းစားနေတဲ့ တေးသီချင်းလေးတွေဖြစ်တဲ့ 'ကျွန်မ' ၊ 'မောင်မငိုရဘူးနော်' သီချင်းတွေရဲ့တေးသံရှင်ကေကေမိုးကို ရွေးချယ်ထားပါတယ်။ ခံစားမှုအားကောင်းကောင်းနဲ့ တေးသီချင်းတွေကို သီဆိုတတ်သူတစ်ဦးဖြစ်သလို တေးသံရှင်ချောစုခင်ရဲ့ ညီမဝမ်းကွဲတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝကတည်းက ဂီတကို ရူးသွပ် ဝါသနာပါသူတစ်ဦးဖြစ်သလို ဂီတလမ်းကြောင်းပေါ်မှာ ဖြေးဖြေးမှန်မှန် ချီတက်နေသူတစ်ဦးလို့လည်း ဆိုရမှာပါ။ ဒီတစ်ပတ်မှာတော့ ကေကေမိုးပြောပြခဲ့တဲ့ ငယ်စဉ်ဘဝအမှတ်တရတွေနဲ့ ဂီတလမ်းကြောင်းပေါ်က အမှတ်တရတွေကို ဝေမျှပေးချင်ပါတယ်။

 

တေးသံရှင်ကေကေမိုးက ရန်ကုန်ဇာတိဖြစ်သလို စက်တင်ဘာ ၉ ရက် ၁၉၉၈ ခုနှစ်မှာမွေးဖွားခဲ့တာပါ။ မွေးချင်းမောင်နှမလေးယောက်အနက် နို့ညှာ သမီးတစ်ယောက်လည်းဖြစ်ပါတယ်။ ငယ်စဉ် ကလေးဘဝမှာတော့ ဆော့ကစားမက်သူ တစ်ယောက်ဖြစ်သလို သီချင်းဆိုရတာကို ငယ်စဉ်ကတည်းက နှစ်သက်လွန်းသူ တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ငယ်ငယ်က အဆော့မက်တယ်။ သီချင်းဆိုတာကတော့ ကလေးဘဝကတည်းက အရမ်းကြိုက်တာ။ သီချင်းနားထောင်ရတာလည်းကြိုက်တယ်။ မချောစုက အစ်မဝမ်းကွဲဆိုတော့ မချောစုရှိုးပွဲတွေသွားရင်လိုက် သွားဖြစ်တာများတယ်။ မချောစု၊ မတင်ဇာမော်၊ မမီမီ ဝင်းဖေ၊ မလေးလေးဝါးတို့သီချင်းတွေနဲ့ ကြီးပြင်းလာတယ်လို့ ပြောလို့ရပါတယ်” လို့ ကေကေမိုးက ဆိုပါတယ်။

ကျောင်းပညာရေးအနေနဲ့တော့ သာမန်အဆင့်လောက်ပဲရှိခဲ့သလို ကျောင်းတက်စဉ်တစ်လျှောက်မှာလည်း ငါးတန်းကျောင်းသူဘဝကတည်းက ကျောင်းကပွဲတွေမှာ သီချင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ဂီတလမ်းကြောင်း ပေါ်ကို ဆက်လက်လျှောက်လှမ်းဖြစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကလေးဘဝမှာ ကလေးတေးသံရှင်တွေ စုစည်းထုတ်ဝေတဲ့ တေးအယ်လ်ဘမ်မှာလည်း ပါဝင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဝေးသင်တက္ကသိုလ်တက် ရောက်ရင်း စူပါစတားတေးသီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

“စူပါစတားသီချင်းဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးတယ်။ အဲဒီတုန်းက ကိုအောင်ထက်တို့ ဂျူဝဲလ်တို့နဲ့တူတူပဲ။ ဒီပြိုင်ပွဲကနေ ဆရာမြင့်မိုးအောင်တို့နဲ့ ဆုံခွင့်ရပြီး Theme Song တွေ၊ ကြော်ငြာသီချင်းတွေ ဆိုခွင့်ရတယ်။ အဲဒီပိုက်ဆံလေးတွေစု၊ ရှိုးလေးတွေမှာဆိုခွင့်ရတဲ့ ပိုက်ဆံလေးတွေစုပြီး အယ်လ်ဘမ်ထုတ်ဖြစ်ခဲ့တယ်။ အခက်အခဲတွေရှိခဲ့ပေမယ့် ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ ကြိုးစားခဲ့ပါတယ်” လို့ ကေကေမိုးက အမှတ်တရဆိုပါတယ်။

'ကျွန်မ' တေးသီချင်းနဲ့ပတ်သက်လို့ “ဒီသီချင်းလေးက ကိုဝေကြီးရေးပြီး ကိုဖြိုးပြည့်စုံက ကေကေနဲ့လိုက်တယ်ဆိုလို့ ဆိုဖြစ်သွားတဲ့သီချင်းပါ။ သီချင်းထဲက ကောင်မလေးရဲ့ခံစားချက်ကို ထည့်ပြီးဆို ဖြစ်ခဲ့တာ။ ကေကေရဲ့အသံက ကရုဏာအသံလည်းပါတော့ ပရိသတ်တွေက သတိထားမိကြတယ်။ ဒီသီချင်းလေးကိုပရိသတ်တွေက ကြိုက်ကြတယ်ဆိုတော့ ဝမ်းသာရပါတယ်။ အခုပြိုင်ပွဲမှာ ယှဉ်ပြိုင်တယ်ဆိုတော့လည်း ချမ်းမြေ့မောင်ချိုမှ မဟုတ်ပါဘူး။ ဘယ်သူမဆို ပြိုင်ပွဲဆိုတာ စိတ်ဖိစီးမှုအနည်းနဲ့အများ ရှိတတ်ပါတယ်။ ဒါကိုကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ခဲ့ဖူးတော့ သိတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးသီဆိုခဲ့တာပဲလေ။ ကေကေရဲ့သီချင်းလေးကို ဒီလိုပြိုင်ပွဲတွေမှာသီဆိုတဲ့အတွက် ဂုဏ်ယူရပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။

ကေကေမိုးအတွက် နောက်ထပ် အမှတ်တရတေးသီချင်းဆိုရင်တော့ မကြာခင်ကရုံတင်ပြသခဲ့တဲ့ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားထဲက မောင်မငိုရဘူးနော် သီချင်းပါ။ လွှမ်းပိုင်ရေးသားပေးထားသလို ဇာတ်လမ်းရဲ့ Theme နဲ့လိုက်ဖက်တဲ့အပြင် ခံစားမှုအပြည့်နဲ့ဆိုဟန်ကြောင့် ပရိသတ်တွေရဲ့ပါးစပ်ဖျားကို ရောက်ရှိစေခဲ့တဲ့သီချင်း တစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီသီချင်းလေးကိုလည်း ကေကေမိုးက အမှတ်တရဖြစ်ရတယ်လို့ဆိုပါတယ်။ ကိုဘိုဆန်းတို့ လာပြလို့ ဆိုပေးဖြစ်ပေမယ့် ဇာတ်ကားပြသချိန်မှာ ပရိသတ်တွေ ကြိုက်ကြတယ် ဆိုတာကြောင့် တကယ်ကိုပျော်ရွှင်ရပါတယ်လို့ ပြောပြခဲ့ပါတယ်။

တေးသံရှင်ကေကေမိုးက လတ်တလောမှာတော့ သြဂုတ်လအတွင်း ထွက်ရှိမယ့် M United Collection အယ်လ်ဘမ်မှာ တေးသီချင်းသစ်တစ်ပုဒ် သီဆိုထားသလို ဒုတိယမြောက်တစ်ကိုယ်တော်ခွေလည်း ထွက်ရှိနိုင်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

တေးသံရှင်ကေကေမိုးက “ကေကေအတွက်အသစ်တစ်ယောက်အနေနဲ့ အနုပညာရှင်တွေထဲမှာ ကူညီပေးကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုအခက်အခဲပဲဖြစ်ပါစေ ကြိုးစားမှုကိုမရပ်ဘူးလို့ အမြဲတွေးတယ်။ ခဏတာရပ်တန့်ခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ပေမယ့် အခုချိန်မှာ တော့လုံးဝမရပ်တန့်ဘဲ ကြိုးစားနေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကလည်း ကေကေအတွက် တကယ်ကိုအားဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း သီချင်းတွေဆက်တိုက်ဖန်တီးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကိုယ့်စိတ်ထဲမှာ တကယ်ဖြစ်ချင်တဲ့အရာကို ဆက်တိုက်သာကြိုးစားနေမယ်ဆိုရင် တစ်နေ့မှာတော့ ကိုယ်ဖြစ်ချင်တာတွေ အရာထင်လာမယ်လို့ယုံကြည်ပါတယ်” လို့ လည်း သူ့ရဲ့ခံယူချက်ကို မျှဝေပေးခဲ့ပါတယ်။

အခုတစ်ပတ်မှာ ဖတ်ရှုခဲ့ကြရတာက တေးသံရှင်ကေကေမိုးရဲ့ ငယ်စဉ်ဘ၀ အမှတ်တရတွေနဲ့ ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းမှုအတွေ့အကြုံတွေပါ။ သူ့ရဲ့ ဖြတ်သန်းမှု၊ ခံယူချက်တွေကနေ လူငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ အားမာန်ကိုလည်းတွေ့မြင်နိုင်မှာပါ။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်တွေက စိတ်ဝင်စားစရာအမှတ်တရတွေ ပြန်လည်မျှဝေပေးမယ်ဆိုတာကို စောင့်မျှော်ဖတ်ရှုပေးပါဦးလို့...။

Most Read

Most Recent