သရုပ်ဆောင်မေမြင့်မိုရ်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်မေမြင့်မိုရ်နှင့် တွေ့ဆုံခြင်း
Published 8 August 2018

ရုပ်သံဇာတ်လမ်းတွဲများမှအစပြုကာ ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာရရှိလာသူ သရုပ်ဆောင်မေမြင့်မိုရ်မှာ ပါဝင်ခွင့်ရသည့်ဇာတ်လမ်းတွဲတိုင်းတွင် မတူကွဲပြားသည့်ဇာတ်ရုပ်များဖြင့် ပရိသတ် လက်ခံအားပေးမှုကိုရရှိခဲ့သူဖြစ်သည်။ အရိပ်ရုပ်သံဇာတ်လမ်းတွဲတွင် စုစုလှိုင်ဇာတ်ရုပ်ဖြင့် အကောင်းဆုံးပုံဖော်ခဲ့သူ သရုပ်ဆောင်မေမြင့်မိုရ်သည် ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲတွင်လည်း လူဝင်စားမိန်းကလေးတစ်ဦးအဖြစ် ပုံဖော်ထားသည်။ ဒါရိုက်တာ အကယ်ဒမီကျော်သူရိုက်ကူးသည့် ယင်းဇာတ်လမ်းတွဲတွင်ပါဝင်ခဲ့ရသည့် အမှတ်တရများ၊ ဇာတ်ရုပ်အပေါ် ကြိုးစားအားထုတ်ထားသည်များနှင့် ပတ်သက်၍ကို မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြအပ်ပါသည်။

 

မေး - အခုရိုက်ဖြစ်ခဲ့တဲ့ ကိုယ့်အချစ်ဆုံး Crush ဆိုတဲ့ ဇာတ်ကားရိုက်ကူးတဲ့ အတွေ့အကြုံလေး အရင်ပြောပြပါဦး။

ဖြေ - ဒီဇာတ်ကားက အချိန်ပေးပြီးရိုက်ရတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းက အချစ်ဇာတ်လမ်းကိုမှ ထူးခြားတယ်။ အချစ်ကို နားလည်မှုရှိတယ်။ သူ့ချစ်သူကိုအရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်ပုံစံကနေ သရုပ်ဆောင်ရတာပါ။ အချစ်ဇာတ်လမ်းဆိုပေမယ့် ပရိသတ်တွေအတွက်တော့ တကယ့်ကို ဇာတ်လမ်းကောင်းလေးတစ်ကားအဖြစ် ကြည့်ခွင့်ရမှာပါ။

မေး - ဒီဇာတ်ကားမှာ မင်းသမီးလည်းသုံးယောက်ပါတယ်ဆိုတော့ တခြားဇာတ်ကားတွေနဲ့ ဘာတွေကွာခြားမလဲ။

ဖြေ - ဒီဇာတ်ကားမှာက မင်းသမီးသုံးယောက်တောင်ပါသလို အဆုံခန်းတွေလည်းများတယ်။ စီနီယာတွေလည်း အများကြီးပါတော့ ပညာလည်းရတယ်။ ရီဟာဇယ်တွေလည်း လုပ်ရတယ်။ အားလုံးကလည်း သင်ပေးကြတယ်။ ဒီဇာတ်ကားလေးက ရိုက်ကူးခွင့်ရတဲ့အချိန်မှာ ပညာတွေအများ ကြီးရတဲ့ဇာတ်ကားလို့ ပြောလို့ရပါတယ်။

မေး - ဒီဇာတ်ကားရဲ့ဇာတ်လမ်းပိုင်းကရော ဘယ်လိုထူးခြားလဲ။

ဖြေ - ပုံမှန် သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးမဟုတ်ဘဲ လေးပွင့်ဆိုင်ဇာတ်လမ်းပေါ့။ အချစ်ဇာတ်လမ်းကိုမှ လူငယ်တွေကြားထဲက ဖြစ်လေ့ရှိတဲ့အချစ်ဇာတ်လမ်းလေးဆိုတော့ ကြိုက်ကြမယ်လို့ ထင်ပါတယ်။

မေး - နောက်ထပ်ရော ဘာဇာတ်ကားတွေရိုက်ဖို့ လက်ခံထားလဲ။

ဖြေ - ဒီလထဲမှာ တိုင်စာဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ဖို့ရှိတယ်။ စက်တင်ဘာလထဲမှာတော့ ရုပ်ရှင်ကားကြီးတစ်ကား ထပ်ရိုက်ဖြစ်ပါမယ်။ တိုင်စာ ဆိုတဲ့ဇာတ်ကားကတော့ ဦးစတီးလ်နဲ့ရိုက်ရမှာပါ။ ဒီဇာတ်ကားလည်း ညီမမလုပ်ဖူးသေးတဲ့ကာရိုက်တာမျိုးပါ။ နောက်ထပ်ကာရိုက်တာအသစ်တစ်ခုအနေနဲ့ ပြနိုင်မယ့်ဇာတ်ကားလေးလို့ ထင်ပါတယ်။

မေး - ဇာတ်လမ်းတွဲအသစ်ရော ထပ်ရိုက်ဖြစ်ဖို့ရှိမလား။

ဖြေ - ဇာတ်လမ်းတွဲအနေနဲ့ကတော့ ၂၀၁၉ မှပဲရိုက်ဖြစ်ပါမယ်။ နာမည်ကြီးဝတ္ထုတစ်ခုကို ဇာတ်လမ်းတွဲပြန်ရိုက်မှာဆိုတော့ သေချာလေးလည်း ပြင်ဆင်မယ်။ အကောင်းဆုံးကြိုးစားပြီးတော့ ရိုက်ပါမယ်။  ဒီနှစ်ထဲမှာက ပုဂံမြို့သူ ဇာတ်လမ်းတွဲလည်း ပြဖို့ရှိသေးတယ်ဆိုတော့ ဒီ နှစ်ထဲတော့ ဇာတ်လမ်းတွဲသစ် ရိုက်ဖို့မရှိသေးပါဘူး။ ၂၀၁၉ မှပဲ ရိုက်ဖြစ်ပါမယ်။

မေး - ပုဂံမြို့သူဇာတ်လမ်းတွဲက ဒါရိုက်တာကလည်း ဦးကျော်သူဆိုတော့ ဘယ်လိုအတွေ့အကြုံသစ်တွေရခဲ့လဲ။

ဖြေ - ဒီဇာတ်လမ်းတွဲက ဝတ္ထုကလည်း အရမ်းနာမည်ကြီးတဲ့ ဝတ္ထုဖြစ်တယ်။ ဒါရိုက်တာဖြစ်တဲ့ ဦးမောင်ကလည်း တကယ့်ကို ဝါရင့်အနုပညာရှင်ဖြစ်တယ်။ ဒီဇာတ်လမ်းတွဲကို နိုဝင်ဘာမှာထုတ်လွှင့်ပြသမယ်ဆိုတော့ တကယ်လည်း စိတ်လှုပ်ရှားတယ်။ ပုဂံမှာရိုက်ကတည်းကလည်း ပရိသတ်တွေက ကြည့်ချင်တယ်လို့ပြောကြတယ်။ အရမ်းလည်း ကြိုးစားထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

မေး - ပုဂံမြို့သူထဲက ဇာတ်ရုပ်ကိုသရုပ်ဆောင်ခဲ့တာမှာ ထပ်တူကျခဲ့တယ်လို့ ပြောလို့ရမလား။

ဖြေ - လေးလလုံး ပုဂံမှာသွားနေပြီး ရိုက်ခဲ့တာဆိုတော့ ထပ်တူကျခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားက လူဝင်စားဇာတ်ကားပေါ့။ ပုဂံမှာလည်းရိုက်တော့ ထူးခြားတဲ့အဖြစ်အပျက်တွေလည်း အများကြီးရှိသလို ခေတ်ကလည်းပုဂံခေတ်၊ ဒီနေ့ခေတ် ပြခဲ့တာဆိုတော့ အများကြီးပြင်ဆင်ခဲ့ရတယ်။ ဦးမောင်ရိုက်ချက်တွေကလည်း အရမ်းလှပါတယ်။ ထုတ်လွှင့်ပြသတဲ့အခါကျရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

မေး - ခန္ဓာကိုယ်အချိုးအစားလှပဖို့ မင်းသမီးတွေက စနစ်တကျကြိုးစားလာကြတယ်ဆိုတော့ ညီမလေးရော ဘယ်လိုထိန်းသိမ်းဖြစ်လဲ။

ဖြေ - Gym ကိုတော့ ပုံမှန်သွားဖြစ်တယ်။ မသွားဖြစ်တဲ့နေ့တွေဆိုလည်း ညစာမစားဖြစ်ဘူး။ ကင်မရာထဲမှာဆို ဝရင်လည်းသိသာတော့ သေချာတော့ထိန်းဖြစ်တယ်။ Facial Treatment ပိုင်းအတွက်ဆိုရင်လည်း သေချာစနစ်တကျတော့ ထိန်းသိမ်းဖြစ်တယ်။ မိတ်ကပ်တွေကို သေချာဖျက်ပြီးမှ အိပ်ရာဝင်တာမျိုးပေါ့။

မေး - ပုဂံမြို့သူရိုက်ကူးရင်းနဲ့ ထူးခြားမှုတွေ ကြုံတွေ့ရတယ်ဆိုတာကရော ဘယ်လိုမျိုးလဲ။

ဖြေ - ပုဂံမှာရိုက်တဲ့အချိန်မှာ ပုဂံမှာလည်း ခေတ်အလိုက် မင်းသား၊ မင်းသမီးတွေက သူ့နေရာနဲ့သူ ရှိနေကြတာမျိုး ရှိတယ်လို့ထင်တယ်။ ပုဂံမှာ လေးလလောက်ကြာတယ်ဆိုတော့ ပုဂံကိုလွမ်းမိသလို ပုဂံမြို့သူတစ်ဖွဲ့လုံးကိုလည်းလွမ်းပါတယ်။ ထူးခြားတာတွေတော့ အများကြီးပါပဲ။ အိပ်မက်မက်တာတွေ၊ ဇာတ်ကားရိုက်နေရင်း မြင်လိုက်ရတာမျိုးတွေတော့ ကြုံခဲ့ရတယ်။

မေး - လက်ရှိကိုယ်ရောက်နေတဲ့အနုပညာ လောကထဲကနေရာတစ်ခုကိုရောကျေနပ်ရဲ့လား။

ဖြေ - မေ့ အနေနဲ့ပြောရရင်ပရိသတ်တွေက ချစ်ခြင်းမေတ္တာပေးကြတာနဲ့တင်ပျော်ရသ လိုကျေနပ်ရပါတယ်။ ကိုယ်တိုင်ကြိုးစား အားထုတ်နိုင်တာနဲ့ပတ်သက်ရင်တော့ အ များကြီးကြိုးစားရပါဦးမယ်။

မေး - ပရိသတ်တွေကိုပြောချင်တဲ့စကား လက်ဆောင်များရှိမလား။

ဖြေ - မေ့ကိုအားပေးကြ၊ ချစ်ခင်ပေးကြတဲ့ ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ မေကတော့ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားအားထုတ်သွားပါမယ်။ ပရိသတ်တွေကလည်း လိုအပ်ချက်တွေကို ထောက်ပြပေးပြီးအားပေးပါဦးလို့...။

Most Read

Most Recent