JYJ အဖွဲ့ဝင် ပက်ယိုးချန်၏ စစ်မှုတာဝန်ထမ်းဆောင်မှု ပြီးဆုံး

JYJ အဖွဲ့ဝင် ပက်ယိုးချန်၏ စစ်မှုတာဝန်ထမ်းဆောင်မှု ပြီးဆုံး
Published 27 August 2017

 


ကေပေါ့ပ်အမျိုးသားအဆိုတော်အဖွဲ့ JYJ မှ အဆိုတော်ပက်ယိုးချန်သည် သြဂုတ် ၂၅ ရက်တွင် စစ်မှုတာဝန်ထမ်းဆောင်မှု ပြီးဆုံးခဲ့သည်ဟု ကိုရီးယားမီဒီယာများက ဖော်ပြခဲ့သည်။  

အသက် ၃၁ နှစ်အရွယ်ရှိ ယိုးချန်သည် ဆိုးလ်တောင်ပိုင်း ဂန်နမ်ခရိုင်ရုံးတွင် လူထုဆက်ဆံရေးအရာရှိအဖြစ် ၂၀၁၅ ခုနှစ် သြဂုတ် ၂၇ ရက်တွင်  စစ်မှုတာဝန် စတင် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ယိုးချန်သည် စစ်မှုထမ်းနေသည့်ကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယင်းစွဲချက်များအတွက် ယိုးချန်တွင် အပြစ်မရှိဟု တရားရုံးက စီရင်ချက်ချခဲ့သည်။

ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ရဲ့ ပရိသတ်တွေကို အလေးအနက်ထား တောင်းပန်ပါတယ်။ ကျွန်တော့်ကို အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ဟု ယိုးချန်က  ခရိုင်ရုံးအရှေ့တွင် ၎င်းကိုစောင့်ဆိုင်းနေသည့် ပရိသတ်များကို ပြောကြားခဲ့သည်။

ယိုးချန်သည် ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာအလုပ်များကို ဖြည်းဖြည်းချင်း စဉ်းစားသွားမည်ဟု ၎င်း၏အေဂျင်စီ CJ Entertainment က ထုတ်ပြန်ခဲ့သည်။ JYJ အဖွဲ့ဝင် ကင်ဂျန်ဆုသည်လည်း ယခုနှစ် ဖေဖော်ဝါရီတွင် စစ်မှုတာဝန်ထမ်းဆောင်ခဲ့သည်။

ယိုးချန်သည် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီ Nam Yang ကို တည်ထောင်သူ၏ မြေးတစ်ဦးဖြစ်သည့် ဟွမ်ဟာနာနှင့် စက်တင်ဘာ ၁၀ ရက်တွင် လက်ထပ်မည်ဆိုသော သတင်းများလည်း ယခုနှစ် ဧပြီတွင် ထွက်ရှိခဲ့သည်။ ၎င်း၏ဘဝတွင် အခက်အခဲနှင့် ကြုံတွေ့ရချိန်တွင် ချစ်သူဖြစ်သူက မားမားမတ်မတ် ရပ်တည်ခဲ့သည်ဟု ယိုးချန်က ပြောကြားခဲ့သည်။  ယိုးချန်သည် မင်္ဂလာပွဲကို အကျဉ်းချုံ့သာ ကျင်းပလိုသည်ဟု ၎င်း၏အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ အဆိုတော်မှ သရုပ်ဆောင်ဖြစ်လာခဲ့သည့်ပက်ယိုးချန် (မစ်ကီယိုးချန်) သည်Miss Ripley၊ Rooftop Prince၊ Missing You၊ Three Days နှင့် The Girl Who Sees Smells စသည့် ဇာတ်လမ်းတွဲများဖြင့် သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အောင်မြင်မှု ရရှိခဲ့သည်။ ယိုးချန်သည် ၂၀၁၄ ခုနှစ်က ဖြန့်ချိခဲ့သည့် Haemoo ဇာတ်ကားဖြင့် Baeksang ဆု၊ Blue Dragon ဆုနှင့် Daejong ဆုများကို ရရှိခဲ့သည်။

Most Read

Most Recent