ရုရှားအစိုးရက အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ကို အမေရိကန်နှင့် ဆက်ဆံရေးအတွက် အထူးသံတမန်အဖြစ် ခန့်အပ်

ရုရှားအစိုးရက အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ကို အမေရိကန်နှင့် ဆက်ဆံရေးအတွက် အထူးသံတမန်အဖြစ် ခန့်အပ်
Published 6 August 2018

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၁၆ ခုနှစ်တွင် စတီဗင်ဆီးဂဲလ်ကို လက်ခံတွေ့ဆုံနေစဉ် (Photo: AP)

အမေရိကန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေးအတွက် ရုရှားအစိုးရက အမေရိကန်အက်ရှင်သရုပ်ဆောင် စတီဗင်ဆီးဂဲလ်ကို အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ရုရှား-အမေရိကန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေးအတွက် စတီဗင်ဆီးဂဲလ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ သံတမန်ရာထူးအတွက် ဆီးဂဲလ်သည် လစာရမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆီးဂဲလ်သည် ယဉ်ကျေးမှု၊ အနုပညာ၊ လူထုနှင့် လူငယ် အပြန်အလှန် အကျိုးပြုမှုတွင် ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်တွင် ရုရှား-အမေရိကန် ဆက်ဆံရေးတိုးတက် ကောင်းမွန်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အသက် ၆၆ နှစ် အရွယ်ရှိ ဆီးဂဲလ်သည် ၁၉၈၀ ပြည့်လွန် နှစ်များနှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် Under Siege၊ Above the Law အစရှိသည့် ဇာတ်ကားများဖြင့် အောင်မြင်မှု အထွတ်အထိပ် ရောက်ရှိခဲ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင်က ၂၀၁၆ ခုနှစ်တွင် စတီဗင်ဆီးဂဲလ်ကို ရုရှားနိုင်ငံသားအဖြစ် နိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း သမ္မတဗလာဒီမာပူတင်နှင့် ရင်းနှီးသည့် ညီအစ်ကို ဆက်ဆံရေး တည်ဆောက်ခဲ့သည့် ဆီးဂဲလ်က ရုရှား၏ခရိုင်းမီးယားအား တိုက်ခိုက်သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး ပူတင်ကို သက်ရှိထင်ရှား ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင်တစ်ဦးဟု ခေါ်ဆိုခဲ့သည်။

ဆီးဂဲလ်သည် ရုရှားတွင် ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း တက်ရောက်ခဲ့သည်။ မေတွင် ပြုလုပ်ခဲ့သည့် ပူတင်၏ စတုတ္ထသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကို တက်ရောက်သည့် ဧည့်သည်များထဲတွင်လည်း ဆီးဂဲလ် ပါဝင်ခဲ့သည်။

Most Read

Most Recent