သရုပ်ဆောင်မုဏ်း၏ ငယ်စဉ်ဘဝအမှတ်တရ ဖြတ်သန်းရာ

သရုပ်ဆောင်မုဏ်း၏ ငယ်စဉ်ဘဝအမှတ်တရ ဖြတ်သန်းရာ
Published 2 August 2018

Toxic အပါအဝင် ရုပ်သံဇာတ်လမ်းတွဲများစွာနှင့် ပရိသတ်ချစ်ခင်အားပေးမှုရရှိလာသူ

မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကို ပရိသတ်စိတ်ဝင်စားကြည့်ရှုမှုက တဖြည်းဖြည်း ပိုမိုမြင့်တက်လာတယ်လို့ ဆိုရမှာပါ။ မြန်မာဇာတ်လမ်းတွဲတွေကို စောင့်ကြည့်အားပေးလာတာနဲ့ထပ်တူ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရလာတဲ့ မျက်နှာသစ်သရုပ်ဆောင်တွေကိုလည်း ပရိသတ်တွေက တစ်ဦးချင်းပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ရုပ်တွေနဲ့အတူ တွဲဖက်မှတ်မိပြီး ချစ်ခင်အားပေးလာခဲ့ကြပါတယ်။ ဒီတစ်ပတ်မှာတော့ Canal + ရုပ်သံလိုင်းမှာ လတ်တလောထုတ်လွှင့်ပြသခဲ့ပြီး Toxic ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်ချစ်ခင်မှု ရရှိနေသူဖြစ်တဲ့ သရုပ်ဆောင်မုဏ်းရဲ့ ငယ်စဉ်ဘဝအမှတ်တရတချို့ကို ဖော်ပြပေးချင်ပါတယ်။

မုဏ်းရဲ့အမည်ရင်းကတော့ ဆုနန္ဒာအောင်ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက် ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ရန်ကုန်ဇာတိဖြစ်ပါတယ်။ မွေးချင်းညီမတစ်ယောက် ရှိပါတယ်။ မုဏ်းကငယ်စဉ်ဘဝမှာ နည်းနည်းဆိုးတဲ့ ကလေးဖြစ်သလို တစ်ကိုယ်ကောင်းလည်းဆန်တတ်တယ်လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။ စော့ကစားတာမျိုးထက် စာဖတ်ရတာကို နှစ်သက်တတ်ပြီး စာစဖတ်တတ်ကတည်းက စာဖတ်နေတာများတယ်လို့လည်း ဆိုခဲ့ပါတယ်။ လိုချင်တာ ကိုငယ်စဉ်ကတည်းက ရအောင်ယူတတ်တဲ့ သူတစ်ယောက်ဖြစ်တယ်လို့လည်း ရယ်မောရင်း ဆိုခဲ့ပါသေးတယ်။

ကျောင်းပညာရေးအနေနဲ့ မုဏ်းက မူလတန်းကိုတော့ အ.မ.က (၁၈)လှိုင်မှာ တက်ရောက်ခဲ့ပြီး အလယ်တန်းကိုတော့ အ.လ.က(၆)၊ အ.လ.က(၈)လှိုင်မြို့နယ် တွေမှာ တက်ရောက်ခဲ့သလို အထက်တန်းကိုတော့ အ.ထ.က(၁)လှိုင်မှာတက်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝမှာ စာအရမ်းတော်ပေမယ့် အထက်တန်းအရွယ်ရောက်လာချိန်မှာတော့ အရမ်းထူးချွန်တဲ့အထဲ မပါခဲ့ဘူးလို့ဆိုပါတယ်။ ထူးထူးခြားခြားအနေနဲ့ ငယ်စဉ်ကလေးဘဝကတည်းက သရုပ်ဆောင်တာကို ဝါသနာပါသလို ကြော်ငြာတွေ၊ ဇာတ်ကားတွေ ကြည့်ပြီးရင် အမူအရာပုံစံတူတွေ လိုက်လုပ်ပြတတ်တယ်လို့ မုဏ်းကဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ သမိုင်းဘာသာရပ်ကို အဝေးသင်အနေနဲ့ တက်ရောက်ခဲ့ပြီး လက်ရှိမှာတော့ ကျောင်းပညာရေးကို ခဏနားထားတယ်လို့ ဆိုပါတယ်။

အနုပညာလောကထဲကို ပထမဆုံးခြေလှမ်းအနေနဲ့ရသပေါ် လွင်သရုပ်ဆောင်လွင်ပြင်ကဏ္ဍမှာ မုဏ်းကပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာပထမဆုရရှိခဲ့ပြီးနောက် ပျော်ရွှင်စရာ သရုပ်ဆောင်ကမ္ဘာ အစီအစဉ်ကို ထပ်မံယှဉ်ပြိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ MRTV - 4 ကဖွင့်လှစ်တဲ့ Talent Management Center မှာတက်ရောက်ဖို့ ရွေးချယ်ခံရတယ်လို့ ဆိုပါတယ်။

“မုဏ်းက ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေမှာ အရမ်းဝါသနာပါပေမယ့် အိမ်ကသိပ်အားမပေးဘူး။ ကိုယ်တွေက အနုပညာလောကနဲ့လည်း အလှမ်းဝေးတဲ့အခါကျတော့ ပထမဆုံးတော့ ကိုယ့်ကို ပရိသတ်တွေသိလာအောင် သရုပ်ဆောင် ပြိုင်ပွဲတွေလိုက်ပြိုင်ရတယ်။ အဲဒီမှာဆုတွေရလာသလို အတွေ့အကြုံလည်းရလာတဲ့အချိန်မှာပဲ MRTV- 4 က ဖွင့်လှစ်တဲ့ Talent Management Center မှာ တက်ခွင့်ရခဲ့တယ်။ ဒီသင်တန်းမှာ အတွေ့အကြုံကောင်းတွေ အများကြီးရသလို ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်” လို့ မုဏ်းက ပြောပြပါတယ်။

သရုပ်ဆောင်မုဏ်းအနေနဲ့ ပထမဆုံး ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ Happy Beach ဇာတ်လမ်းတွဲပါ။ ပျော်ရွှင်စရာ ဇာတ်လမ်းတွဲလေးမှာ ပုလဲဆိုတဲ့ ဇာတ်ရုပ်နဲ့တွဲဖက်ပြီး မုဏ်းကိုမှတ်မိအားပေးခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွဲ ထုတ်လွှင့်ပြီးတဲ့နောက်မှာတော့ ပုလဲဇာတ်ရုပ်အနေနဲ့ ဘယ်သွားသွား မှတ်မိတဲ့သူတွေများလာတယ်လို့ မုဏ်းကဆိုခဲ့ပါတယ်။ ဒီနောက်မှာတော့ ရွှေကြာဖူးသစ်အပါအဝင် နောက်ထပ်ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရခဲ့သလို မကြာမီက ထုတ်လွှင့်ပြီးသွားတဲ့ Toxic ဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ကောင်တစ်ဦးအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။

“Toxic ဇာတ်ကားက ညီမတို့အတွက် အတွေ့အကြုံတွေအများကြီးရပါတယ်။ Canal နဲ့ပထမ ဆုံးရိုက်ခွင့်ရတဲ့ ဇာတ်ကားလည်းဖြစ်သလို ပထမဆုံး Zombie ကားလည်းဖြစ်တယ်။ ဒါရိုက်တာကလည်း သေချာသင်ကြားပေးတယ်။ မရိုက်ဖူးတဲ့ ဇာတ်လမ်းမျိုးလည်း ဖြစ်တယ်။ ကလောမှာသွားရိုက်တဲ့အခါ အရမ်းအေးတဲ့ကြားကပဲ ကြိုးစားခဲ့ရတယ်။ အဲဒီဇာတ်ကားလေး ထုတ်လွှင့်တဲ့အခါမှာလည်း ပရိသတ်တွေ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ မုဏ်းက ဆိုပါတယ်။

သရုပ်ဆောင်မုဏ်းက လတ်တလောမှာတော့ အလင်းထဲက လူရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးခဲ့သလို ဒီဇာတ်လမ်းတွဲကလည်း အက်ရှင်အသားပေး ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် ပရိသတ်တွေ မတူကွဲပြားတဲ့ရသတစ်ခုကို ထပ်မံရရှိစေမှာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်မုဏ်းက အကောင်းဆုံး ကြိုးစားပါဝင်ထားပါသေးတယ်။ Toxic ဇာတ်လမ်းတွဲရဲ့ Season ကိုလည်း စက်တင်ဘာလအတွင်း ပြန်လည်ရိုက်ကူးသွားမှာဖြစ်လို့ ပါဝင်ဖို့စီစဉ်ထားပါတယ်လို့ မုဏ်းကဆိုခဲ့ပါတယ်။ ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးထားတာလည်း ထုတ်လွှင့်ဖို့ရှိပါတယ်လို့ မုဏ်းကဖြည့်စွက်ပြောပြခဲ့ပါတယ်။

အခုတစ်ပတ်မှာတော့ အေးဆေးရိုးရှင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားသလို စကားပြောရာမှာလည်း ပွင့်ပွင့်လင်းလင်းရှိလှတဲ့ သရုပ်ဆောင်မုဏ်းက ငယ်စဉ်ဘ၀ မှတ်တရတွေကို ပြန်လည်လက်ဆင့်ကမ်းပေးခဲ့တာပါ။ နောက်တစ်ပတ်တွေမှာ လည်းဘယ်အနုပညာရှင်က စိတ်ဝင်စားစရာ ငယ်ဘဝအမှတ်တရလေးတွေ ပြောပြပေးဦးမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပေးပါဦးလို့ ဆိုပါရစေ။                          လင်းလင်းခိုင်

Most Read

Most Recent