အလင်းရောင်နှင့် တွေ့ဆုံခြင်း

အလင်းရောင်နှင့် တွေ့ဆုံခြင်း
Published 1 August 2018

 

ရုံတင်ပြသလျက်ရှိသည့်  ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားတွင် အလင်းရောင်အား တွေ့ မြင်နေကျ ဇာတ်ရုပ်မျိုးမှကွဲထွက်ကာ ဗီလိန်ဇာတ်ရုပ်ဖြင့် ထူးခြားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အချစ်ဇာတ်လမ်းကိုအခြေခံကာ စိုးရိမ်ထိတ်လန့်ဖွယ်ဇာတ်ကားအဖြစ် ဖန်တီးထားသည့် ယင်းဇာတ်ကားတွင် မုန်းတီးစရာ၊ ယုတ်မာရက်စက်သူတစ်ဦးအဖြစ် ပါဝင်ထားသည့် သရုပ်ဆောင်အလင်းရောင် နှင့်တွေ့ဆုံ၍ ဗီလိန်ဇာတ်ရုပ်အတွက်ကြိုးစားအားထုတ်ခဲ့ရသည်များ၊ အခက်အခဲများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အနုပညာလုပ်ငန်းများအား မေးမြန်းဖြစ် ခဲ့သည်။

 

မေး- ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားမှာပါဝင်တဲ့ နောင်နောင်ဆိုတဲ့ ဇာတ်ကောင်စရိုက်အတွက် ပြင်ဆင်ခဲ့ရတာကိုလည်း ပြောပြပေးပါဦး

ဖြေ- ဒီဇာတ်ကားက ရွှေကြာဇာတ်ကားရိုက်ပြီး သြင်္ကန်တစ်လလုံး နားနေတဲ့အချိန်ကတည်းက ဒီဇာတ်ကားအတွက် လိုအပ်တာတွေ ပြင်ဆင်ဖြစ်တယ်။ မေလမှာစပြီးရိုက်ကူးတဲ့ အချိန်မှာလည်း ဇာတ်ကားမရိုက်ခင် မေမြို့မှာ ဒီဇာတ်ကားအတွက် ထရိန်နင်ဝင်ပြီး အိုက်တင်ပိုင်းတွေလေ့ကျင့်တယ်။ တခြားအဝတ်အစား၊ မိတ်ကပ်အပြင်အဆင်ကစ အဆင့်တိုင်းကို သေချာညှိနှိုင်းပြင်ဆင်ဖြစ်ခဲ့ပါတယ်။

မေး- ဒီဇာတ်ကားက ထိတ်လန့်ဖို့ကောင်းတဲ့ သရဲကားဖြစ်သလို ကိုယ်တိုင်လည်းဗီလိန်ဖြစ်တော့ ရိုက်ကူးတဲ့အခါ အခက်အခဲရှိလား။

ဖြေ-မရိုက်ခင်မှာစိုးရိမ်စိတ်တွေ အများကြီးရှိခဲ့ပါတယ်။ ဗီလိန်ဇာတ်ရုပ်က ကျွန်တော်တစ်ခါမှမလုပ်ဖူးဘူး။ အဓိကတော့ မျက်လုံးမှာပေါ်လွင်အောင်လုပ်ရတာ တော်တော်ခက်ပါတယ်။ မကောင်းတဲ့စိတ်၊ သူများကိုဒုက္ခပေးချင်တဲ့ စိတ်တွေကို မျက်လုံးမှာပေါ်လွင်အောင် ကြိုးစားရတာပါ။ အတတ်နိုင်ဆုံး အကျင့်ယုတ်နိုင်အောင်လည်း စိတ်ထဲမှာကို ဆဲဆဲပြီး စိတ်ကိုအကျင့်ယုတ်တဲ့စိတ်မျိုးဖြစ်အောင် အဲဒီကားရိုက်နေတုန်းမှာ ထားခဲ့ရတယ်။ ကိုယ်ဒုက္ခပေးမယ့်သူတွေကိုလည်း တွေ့တာနဲ့ကို ဒုက္ခပေးချင်တယ်ဆိုတဲ့ စိတ်မျိုးဖြစ်အောင် တစ်ချိန်လုံးသွင်းထားရတာ။ ကိုကျော်ထက်အောင်ကိုဆိုရင် တွေ့တာနဲ့ သူ့ကိုအရမ်းဒုက္ခပေးချင်တယ်ဆိုတဲ့ စိတ်မျိုးဖြစ်အောင် တော်တော်လေးသွင်းယူပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်တော့်အတွက်တော် တော်လေး ခက်ခဲခဲ့ပါတယ်။

မေး- နောက်ထပ်ရော ဗီလိန်ဇာတ်ရုပ်တွေ သရုပ်ဆောင်ဖြစ်ဦးမလား။

ဖြေ- ဟုတ်ကဲ့။ နောက်ထပ်လည်း ဗီလိန်အဖြစ်သရုပ်ဆောင်ရမယ့် ဇာတ်မျိုးရခဲ့ရင် ကျွန်တော်လည်းကြိုက်တဲ့ ဇာတ်မျိုးဖြစ်ရင် ရိုက်ဖြစ်ဦးမှာပါ။  ဒီဇာတ်ကားမှာ မျက်လုံးတွေ၊ နှုတ် ခမ်းတွေကိုဗီလိန်မှန်းသိသာအောင် လုပ်ထားရတဲ့ဇာတ်ရုပ်မျိုးပေါ့။ ပါးပါးလေးနဲ့ ယုတ်မာလို့ ယုတ်မာမှန်းမသိတဲ့ ဇာတ်ရုပ်မျိုးကိုလည်း လုပ်ကြည့်ချင်ပါသေးတယ်။

မေး- ခပ်အေးအေးချိုချိုဇာတ်ရုပ်ကနေကွဲထွက်ပြီး အခုလို ဗီလိန်ဇာတ်ရုပ်မျိုးကို လုပ်တယ်ဆိုတော့ အဲဒီလို Challenge လုပ်ရတာကို ကြိုက်တာလား။

ဖြေ- ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာပါ။ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် ပုံမှန်မြင်နေကျ ဇာတ်ရုပ်မျိုးမှာပဲ မမြင်စေချင်ဘူး။ ကာရိုက်တာအစုံမှာ ထပ်တူကျအောင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ချင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီဇာတ်ကားမှာဆိုရင် Challenge တစ်ခုအနေနဲ့ကြိုးစားခဲ့တာပါ။ နောက်လည်း အခုလိုမတူကွဲပြားတဲ့ ဇာတ်ရုပ်တွေမှာ ထပ်တူကျအောင်သရုပ် ဆောင်နိုင်တဲ့သူဖြစ်ချင်ပါတယ်။

မေး- ဒီဇာတ်ကားမှာပရိသတ်တွေကိုပေးချင်တဲ့ message ဆိုရင်ရော။

ဖြေ- ဒီလို အောက်လမ်းပညာလိုအရာတွေက မစမ်းသပ်သင့်ဘူး။ မလုပ်သင့်မလုပ်ထိုက်တဲ့တာတွေကို ဘယ်တော့မှမလုပ်တာအကောင်းဆုံးပါပဲဆိုတာကို ပညာပေးအနေနဲ့ ရိုက်ကူးထားတာပါ။

မေး- ဒီဇာတ်ကားရိုက်ကူးတုန်းက ကြုံခဲ့ရတဲ့ အမှတ်တရတွေရှိရင် သိပါရစေ။

ဖြေ-ဇာတ်ကားရိုက်တုန်းက အောက်လမ်းဆရာအိမ် သွားတဲ့ဇာတ်ဝင်ခန်းဆိုရင် ရုပ်ရှင်ထဲမှာ ကြည့်လို့ကောင်းနေတယ်။ တကယ်ရိုက်တုန်းကတော့ အခန်းတစ်ခုလုံးက အမှောင်ထားပြီး ရေနံဆီမီးတွေ အများကြီး ထွန်းထားတာဆိုတော့ အဲဒီအခန်းထဲမှာ နှစ်နာရီလောက် နေပြီးသွားရင် ခေါင်းတွေ မူးလာလို့ အပြင်ပြန်ထွက်ရတယ်။ ဟိုတယ်တွေပြန်ရောက်ပြီဆိုရင် နှာခေါင်းထဲတွေမှာဆိုရင်လည်း အမည်းတွေချည်းဖြစ်နေရော။ နောက်ပြီး ရေခဲတိုက်ထဲမှာ အလောင်းဝင်ဖောက်တဲ့ အခန်းဆိုရင် ကိုယ်ကတော့ ရိုက်နေတုန်းမို့ ဇောနဲ့မသိပေမယ့် ကျန်တဲ့စက်အဖွဲ့သားတွေနဲ့ မိတ်ကပ်ဆရာတွေကတော့ နောက်ခံသံပြားတွေပေါ်မှာ အရိပ်တွေ အများကြီးတွေ့ရတယ်လို့ ပြောကြတယ်။

မေး- ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားမှာ ပါဝင်ရတဲ့ နောင်နောင်ဇာတ်ရုပ်က အလင်းရောင်အတွက် ဘယ်လောက်အထိ စိန်ခေါ်မှုရှိခဲ့လဲ။

ဖြေ - ဒီဇာတ်ကားက ကိုဝိုင်းနဲ့ တတိယမြောက် လက်တွဲရတဲ့ ဇာတ်ကားဖြစ်သလို ဒီ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကဇာတ်ကောင်လည်း ဖြစ်တဲ့အတွက် ပရိသတ်တွေက ကိုယ့်ကို နောင်နောင်အဖြစ်မြင် တွေ့ပြီးတဲ့အချိန်မှာ အားပေးလက်ခံမှုက ဘယ်လိုရှိမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။  ကိုယ်တိုင်က တစ်ချို့ဇာတ်ဝင်ခန်းတွေမှာ သရုပ်ဆောင်နေရင်းနဲ့ကို နောင်နောင်က တော်တော် စိတ်ယုတ်ပါလားဆိုတာမျိုး ခံစားမိတယ်။

မေး - အလင်းရောင်ရဲ့ဖြတ်သန်းမှုတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင်ရော အခုလက် ရှိအခြေအနေကို ကျေနပ်တယ်လို့ပြောလို့ရမလား။

ဖြေ- အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ပါတယ်။ ကျွန်တော့်ရဲ့ အနုပညာခရီးလမ်းတစ်လျှောက်မှာ အခက်အခဲတွေလည်းအများ ကြီးကြုံခဲ့ဖူးတယ်။ ထင်မှတ်မထားတဲ့ အချိုးအကွေ့တွေလည်း  တွေ့ခဲ့ဖူးတယ်။ အရမ်း စိတ်ဓာတ်ကျ အားငယ်တဲ့အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ဆရာသမားကောင်းတွေနဲ့ တွေ့ဆုံပြီး လမ်းညွှန်သင်ပြမှုတွေရတယ်။ သူတို့ရဲ့လမ်းညွှန်မှုတွေနဲ့အတူ အနုပညာခရီးလမ်းမှာလည်း တိုးတက်မှုတွေရလာတယ်လို့ မြင်ပါတယ်။ အခုလိုကြိုးစားခွင့်ရတဲ့အနေအ ထားတစ်ခုကိုကျေနပ်ပါတယ်။ နောက်လည်း အများကြီးဆက်ပြီး ကြိုးစားသွားပါဦးမယ်။

မေး- ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောချင်တာရှိရင်။

ဖြေ- ဒီဇာတ်ကားလေးက ကျွန်တော့်အတွက် တကယ်ကိုအမှတ်တရတွေ အများကြီးရှိခဲ့တယ်။ ဘဝမှာရော သရုပ်ဆောင်တဲ့အခါမှာပါ တစ်ခါမှမကြုံဖူးခဲ့တဲ့ မျက်နှာကို တံတွေးနဲ့ အထွေးခံရတာကလည်း ခြောက်ခါ၊ ခုနစ်ခါလောက်ကို ရှိခဲ့တယ်။ ဒီဇာတ်ကားက ပရိသတ်တွေအတွက်လည်း သရဲကားတစ်ကားဖြစ်သလို ရသမြောက်တဲ့ဇာတ်ကား တစ်ကားလည်းဖြစ်မှာပါ။အကြံပေးကြပါလို့ ။

Most Read

Most Recent