ဒါရိုက်တာအလိဇဘက်ဘန့်စ်ရိုက်ကူးမည့် Charlie's Angels ဇာတ်ကားတွင် ခရစ္စတင်းစတူးဝပ်က အဓိကဇာတ်ကောင်အဖြစ်ပါဝင်မည်

ဒါရိုက်တာအလိဇဘက်ဘန့်စ်ရိုက်ကူးမည့် Charlie's Angels ဇာတ်ကားတွင် ခရစ္စတင်းစတူးဝပ်က အဓိကဇာတ်ကောင်အဖြစ်ပါဝင်မည်
Published 28 July 2018

အမျိုးသမီးဒါရိုက်တာ အလိဇဘက်ဘန့်စ် ပြန်လည်ဆန်းသစ်ရိုက်ကူးမည့် Charlie's Angels ဇာတ်ကားတွင် ခရစ္စတင်းစတူးဝပ်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု ဆိုနီရုပ်ရှင်လုပ်ငန်းက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဇာတ်ကားတွင် နာအိုမီစကော့နှင့် အယ်လာဘာလင်စကာတို့လည်း ပါဝင်မည် ဖြစ်သည်။ Charlie's Angels ဇာတ်ကားသစ်တွင် Charles Townsent အေဂျင်စီကို အဓိကထား ရိုက်ကူးမည်ဖြစ်သည်။ Panic Room ဇာတ်ကားတွင် ဂျိုဒီဖော်စတာ၏သမီးဇာတ်ကောင်ဖြင့် ပရိသတ်အားပေးမှုရရှိခဲ့သည့် စတူးဝပ်သည် ၂၀၀၀ ပြည့်လွန်နှစ်များတွင် The Twilight Saga ဇာတ်ကားများဖြင့် အောင်မြင်ခဲ့ပြီး ဝင်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ စတူးဝပ်သည် ၂၀၁၂ ခုနှစ်တွင် Snow White and the Huntsman ဇာတ်ကားရိုက်ကူးပြီးနောက် ငွေကြေးအများအပြားသုံးသည့် ဇာတ်ကားများထက် Indie ဇာတ်ကားများကိုသာ ဦးစားပေးရိုက်ကူးခဲ့သည်။

၁၉၇၆-၁၉၈၁ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Charlie's Angels ဇာတ်လမ်းတွဲကို အခြေပြုရိုက်ကူးမည့် ယင်းဇာတ်ကားအတွက် ဇာတ်ညွှန်းကို ဘန့်စ်က Jay Basu  နှင့် ပူးတွဲ ရေးသားမည်ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၀၁၉ စက်တင်ဘာ ၂၉ ရက်၌ ဖြန့်ချိရန်စီစဉ် ထားသော်လည်း ဇာတ်ညွှန်းနှင့် ဇာတ်ကားအမည်ကို အသေးစိတ် မထုတ်ပြန်သေးပေ။

“ကျွန်မအတွက်တော့ Charlie's Angels ဟာ အမျိုးသမီးတွေရဲ့လုပ်ဆောင်နိုင်စွမ်းကို ဂုဏ်ပြုတဲ့ မူရင်းအမှတ်တံဆိပ်တစ်ခုပါပဲ” ဟု ဘန့်စ်က ပြောကြားခဲ့သည်။ ယင်းဇာတ်ကားသည်  မျက်မှောက်ခေတ် Angels များကို မိတ်ဆက်ပြသမည့် ဇာတ်ကားဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဘန့်စ်သည် ယင်းဇာတ်ကားတွင် Bosley ဇာတ်ကောင်အဖြစ်လည်း ပါဝင်မည်ဖြစ်သည်။ မူရင်း Charlie's Angels ဇာတ်လမ်းတွဲနှင့် ဇာတ်ကားများတွင်မူ Bosley ဇာတ်ကောင်နေရာတွင် အမျိုးသားသရုပ်ဆောင်များသာ သရုပ်ဆောင်ခဲ့ကြသည်။

မူရင်း  Charlie's Angels ဇာတ်လမ်းတွဲတွင် Farrah Fawcett ၊ ကိတ်ဂျက်ဆန်နှင့်  Jaclyn Smith တို့က ဆွဲဆောင်မှုရှိသည့် အလွတ်စုံထောက်များအဖြစ် သရုပ်ဆောင်ခဲ့သည်။ ယင်းဇာတ်လမ်းတွဲကို ၂၁၀၀ ပြည့်နှစ်က မှီငြမ်းရိုက်ကူးထားသည့် Charlie's Angels ဇာတ်ကားတွင် Lucy Liu ၊ ကင်မရွန်းဒီယက်ဇ်နှင့် ဒရူးဘယ်ရီမိုးတို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ခဲ့သည်။ ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၂၆၅ သန်းကျော် ရရှိခဲ့သည်။

Most Read

Most Recent