ပေါ့ပ်အဆိုတော် ဒီမီလိုဗာတို ဆေးလွန်မှုကြောင့် ဆေးရုံတက်နေရ

ပေါ့ပ်အဆိုတော် ဒီမီလိုဗာတို ဆေးလွန်မှုကြောင့် ဆေးရုံတက်နေရ
Published 26 July 2018

ပေါ့ပ်အဆိုတော် ဒီမီလိုဗာတိုသည် ဆေးလွန်မှုကြောင့် ဇူလိုင် ၂၅ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိဆေးရုံတစ်ခုသို့ အမြန် ပို့ဆောင်ခဲ့ရသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ဟောလိဝုဒ်ဟေးစ်လမ်းတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အရေးပေါ်ကယ်ဆယ်ရေးသမားများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု လော့စ်အိန်ဂျလိစ်မီးသတ်ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသို့ အတည်ပြုခဲ့သည်။

ဆေးရုံတင်လိုက်ရသည့် အမျိုးသမီး၏အမည်ကို ထုတ်ဖော် မပြောကြားခဲ့သော်လည်း ၎င်း၏ လိပ်စာသည် လိုဗာတိုနေထိုင်သည့် နေရာနှင့်တစ်ထပ်တည်းဖြစ်သည်။ လိုဗာတိုကို ၎င်း၏ နေအိမ်တွင် သတိလစ်လျက် တွေ့ရှိခဲ့ကြောင်း၊ ဘိန်းနှင့် မူးယစ်ဆေးလွန်မှုအတွက် အရေးပေါ်ဖြေဆေးဖြစ်သော Narcan  နှင့် ကုသပေးခဲ့ပြီး ဆေးရုံသို့  ပို့ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောစကားကို TMZ ဝက်ဘ်ဆိုက်က ကိုးကား ဖော်ပြခဲ့သည်။

လိုဗာတိုသည် သတိပြန်လည်လာပြီဟု ၎င်းနှင့်ရင်းနှီးသည့်  သတင်းရင်းမြစ်တစ်ဦးက People မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ လိုဗာတို့၏ ပြောခွင့်ရပုဂ္ဂိုလ်များကမူ မှတ်ချက်မပေးခဲ့ပေ။ ဒစ္စနေ ကလေးသရုပ်ဆောင်ဟောင်း တစ်ဦးဖြစ်သည့် လိုဗာတိုက ဆေးစွဲမှုနှင့် စိတ်ကျရောဂါတို့မှ အပြင်းအထန် ရုန်းကန်နေရကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့သည့် မှတ်တမ်းရုပ်ရှင် Demi Lovato : Stay Strong တွင် တစ်နေ့လျှင် ကိုကင်း အကြိမ်များစွာ ရှူခဲ့ကြောင်းနှင့်  ပြန်လည်ထူထောင်ရေး စင်တာသို့သွားရောက်ခဲ့ပြီးနောက် အနုပညာ အလုပ်များကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း ရိုက်ကူးပြသခဲ့သည်။

သို့သော် ဒီမီလိုဗာတို၏ နောက်ဆုံးဖြန့်ချိခဲ့သည့် Sober သီချင်းတွင် ဒုံရင်းအခြေအနေသို့ ပြန်ရောက်နေကြောင်း အရိပ်လက္ခဏာပြသည့် စာသားကို ထည့်သွင်းသီဆိုခဲ့သည်။ Barney & Friends ဇာတ်လမ်းတွဲတွင် ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကသို့ ဝင်ရောက်ခဲ့သည့် လိုဗာတိုသည် ဒစ္စနေရုပ်သံမှ ထုတ်လွှင့်သည့် Camp Rock ဇာတ်ကားဖြင့် အောင်မြင်မှုရရှိခဲ့သည်။ လိုဗာတိုသည် Hollywood Records  တေးသံသွင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပွဲဦးထွက်အယ်လ်ဘမ် Don't Forget ကို ဖြန့်ချိခဲ့သည်။ Thi Is Me၊ Skyscraper ၊ Give Your Heart a Break ၊ Heart Attack ၊ Sorry Not Sorry စသည့်သီချင်းများဖြင့် အောင်မြင်ခဲ့သည့် လိုဗာတိုသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် X Factor အစီအစဉ်၌ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့သည်။

Most Read

Most Recent