Myanmar Idol မှ ထွက်ခွာခဲ့ပြီးသူနှစ်ဦးထဲမှ Pantene Wild Card Winner တစ်ဦး ပြန်လည်ပါဝင်ယှဉ်ပြိုင်စေမည်

Myanmar Idol မှ ထွက်ခွာခဲ့ပြီးသူနှစ်ဦးထဲမှ Pantene Wild Card Winner တစ်ဦး ပြန်လည်ပါဝင်ယှဉ်ပြိုင်စေမည်
Published 23 July 2018

Myanmar Idol သီချင်းဆို ပြိုင်ပွဲမှ ယခုတစ်ပတ်တွင် ပြိုင်ပွဲဝင်နှစ်ဦး ထွက်ခွာသွားခဲ့ရပြီး ဆန်ခါတင် ၁၁ ဦး ရွေးချယ်ခဲ့သည့်အနက် ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာသွားခဲ့သူများထဲမှ Pantene Wild Card Winner အဖြစ်တစ်ဦး ပြန်လည်ရွေးချယ်ကာ ပြိုင်ပွဲတွင် ပြန်လည်ထည့်သွင်း ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။ Pantene Wild Card Winner  အဖြစ်ရွေးချယ်ရန်အတွက် ဇူလိုင် ၂၀ ရက်ညပြိုင်ပွဲ ရလဒ်ကြေညာမှုများအပြီးမှ စတင်၍ ဇူလိုင် ၂၁ ရက် ညနေ ၆ နာရီအထိ ပရိသတ်များအား မဲပေး ရွေးချယ်စေခဲ့ခြင်း ဖြစ်သည်။ မဲအများဆုံးရရှိသည့် ပြိုင်ပွဲဝင်တစ်ဦးကို ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်မည့် Myanmar Idol ပြိုင်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်စေမည် ဖြစ်သည်။

ပြီးဆုံးခဲ့သည့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ခြောက်ဦးအား ရော့ခ်တေးသီချင်းများဖြင့် ယှဉ်ပြိုင်စေခဲ့ပြီးနောက် ရရှိလာသည့် မဲရလဒ်အား ဇူလိုင် ၂၀ ရက်က ကြေညာခဲ့ရာတွင် ပြိုင်ပွဲဝင်နီလန်း၊ နေခန့်မင်းသစ်နှင့်ဇော်ကြီးတို့က Bottom 3  တွင်ထိုင်ခဲ့ရပြီး မဲအနည်းဆုံးပြိုင်ပွဲဝင်နှစ်ဦးဖြစ်သည့် ပြိုင်ပွဲဝင် ဇော်ကြီးနှင့်နီလန်းတို့မှာ ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရကာ ပြိုင်ပွဲဝင် နေခန့်မင်းသစ်မှာ မဲရလဒ်များအရ save  ဖြစ်သွားခဲ့သည်။

ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသည့် ပြိုင်ပွဲဝင်နီလန်းက “နီလန်းအခုလို အဆင့်ထိပါဝင်ခွင့်ရခဲ့တယ်ဆိုတာကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါပဲ။ ဒီနေ့မှာပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရတော့လည်း နီလန်းကျေနပ်ပါတယ်။ ကိုယ့်သူငယ်ချင်း ပြိုင်ပွဲဝင် တွေအားလုံးကလည်း တော်ကြတယ်လေ။ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲ တစ်လျှောက်လုံးမှာ နီလန်းအတွက် ဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့ခဲ့ရပေမဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ၊ အကဲဖြတ်ဒိုင်တွေရဲ့ အကြံပေးစကားတွေ အများကြီးရခဲ့တာကြောင့် ကျေနပ်ပါတယ်။ တကယ်လို့သာ Pantene Wild Card Winner ဖြစ်ခဲ့မယ်ဆိုရင်တော့ နီလန်းအခု ထက်ပိုပြီးအဆပေါင်းများစွာ ကြိုးစားမှာပါ” ဟု ဆိုသည်။

Myanmar Idol ပြိုင်ပွဲတွင် ဆန်ခါ တင်ပြိုင်ပွဲဝင် ၁၁ ဦးရွေးချယ်ကာ အပတ်စဉ် မတူကွဲပြားသည့် Challenge များဖြင့် ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent