အေးချမ်းတဲ့ အပြုံးလေးများကို ပိုင်ဆိုင်ထားသူ မော်ဒယ်သရုပ်ဆောင် နော်ဖောအယ်ထား၏ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ

အေးချမ်းတဲ့ အပြုံးလေးများကို ပိုင်ဆိုင်ထားသူ မော်ဒယ်သရုပ်ဆောင် နော်ဖောအယ်ထား၏ ငယ်ဘ၀ အမှတ်တရဖြတ်သန်းရာ
Published 19 July 2018

“မိဘတွေကလည်း အဝတ်အစားဝတ်တာနဲ့ ပတ်သက်ရင် အမြဲတမ်း Control လုပ်ပေးသလို ကိုယ်တိုင်လည်း ကိုယ့်ကိုချစ်တဲ့သူတွေ၊ အားပေးတဲ့သူတွေရှိလာတဲ့အချိန်မှာ ကောင်းတဲ့ Influence နဲ့ပဲ ရှိချင်တယ်။ ဒါကြောင့် အဝတ်အစားဝတ်တာကိုတော့ တတ် နိုင်သလောက်သတိထားဖြစ်တယ်” လို့ပြောပြလာသူက သရုပ်ဆောင်မော်ဒယ် နော်ဖောအယ်ထားဖြစ်ပါတယ်။ တောင်ကြီးမြို့မှာကြီးပြင်းလာခဲ့တဲ့ တိုင်းရင်းသူလေးဖြစ်ပြီး လှပချိုသာတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရယူထားနိုင်သူပါ။ ဒီတစ်ပတ်မှာတော့ မော်ဒယ်နော်ဖောအယ်ထား ပြောပြခဲ့တဲ့ ငယ်စဉ်က အမှတ်တရပုံရိပ်လေးတွေအကြောင်းကို ပြန်လည်လက်ဆင့်ကမ်း ဖော်ပြပေးချင်ပါတယ်။

 

နော်ဖောအယ်ထားကို ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာ တောင်ကြီးမြို့မှာမွေးဖွားခဲ့တာပါ။ မွေးချင်းမောင်နှမသုံးယောက်ရှိပြီး သမီးလတ်ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝမှာ ခပ်စွာစွာကောင်မလေးဖြစ်ခဲ့သလို မောင်နှမတွေကိုလည်း ဗိုလ်ကျတတ်သူလို့ ဆိုပါတယ်။

“ငယ်ငယ်ကအရမ်းစွာတယ်။ ဆိုးလည်းဆိုးတယ်။ မောင်နှမတွေကိုလည်း ဗိုလ်ကျတယ်လို့ ဖေဖေ၊ မေမေတို့က ပြောကြတယ်။ အနုပညာနဲ့ပတ်သက်ရင်တော့ သုံးလေးနှစ်အရွယ်ကတည်းက ကြော်ငြာတွေကြည့်ပြီးရင် လိုက်ကနေတာ။ အဲဒီကတည်းက ဝါသနာပါတယ် လို့ပြောရမှာပါ” လို့ နော်ဖောအယ်ထားက ဆိုပါတယ်။

ကျောင်းပညာရေးကိုတော့ မူလတန်းကနေ အထက်တန်းအထိ တောင်ကြီးမြို့မှာ တက်ရောက် သင်ယူခဲ့ပါတယ်။ ကျောင်းစာမှာတော့ အလယ်အလတ်လောက်သာရှိပေမယ့် ထူးထူးခြားခြားအနေနဲ့ သင်္ချာဘာသာရပ်ကို စိတ်ဝင်စားတယ်လို့လည်း ဆိုပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာ ပြင်သစ်ဘာသာအဓိကနဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ သင်ယူခဲ့တယ်လို့ဆိုခဲ့ပါတယ်။

“ကျောင်းကပွဲတွေ ဘာတွေက အထက်တန်းအထိတော့မပါခဲ့ဖူးဘူး။ ကျောင်းစာတွေပဲ လုပ်ခဲ့ရတာ။ တက္ကသိုလ်ရောက်တော့ Queen ဖြစ်သွားပြီး ဆရာမတွေကလည်း ပွဲတွေရှိရင် အတင်းပါခိုင်းရာကနေ ပါဖြစ်လာတာပါ။ အဲဒီနောက်တော့ အလှဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်။ တကယ်တမ်း အနုပညာအလုပ်ကို သေချာလုပ်ဖြစ်တာက ဓာတ်ပုံစတူဒီယိုတစ်ခုက အလှဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းရာကနေ လုပ်ပေးဖြစ်ပြီး အဲဒီကနေပဲ ပရိသတ်တွေသိလာတာပါ” လို့ဆိုပါတယ်။

နော်ဖောအယ်ထားက ဘွဲ့ရရှိပြီးချိန်မှာတော့ Music video အချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ကြော်ငြာနဲ့ အလှဓာတ်ပုံတွေလည်း ရိုက်ကူးနေပါတယ်။ ဆီဒိုးနားဟိုတယ်မှာပြုလုပ်တဲ့ Wedding Fair မှာလည်း မော်ဒယ်တစ်ယောက်အနေနဲ့ ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်း ကနေလွှင့်တင်မယ့် လူငယ်တွေအတွက်ပညာပေး ဇာတ်လမ်းတိုတစ်ခုမှာလည်း ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေလုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ပတ်သက်လို့ နော်ဖောအယ်ထားက “ညီမက လူနည်းနည်း ကြောက်တတ်တယ်။ စကားတွေအများကြီးပြောရရင်လည်း စိတ်ရှုပ်လာတတ်တယ်။ အင်တာဗျူးတွေ ဘာတွေဖြေရင်တောင် များများပြောရတယ်ဆိုရင် ချွေးတွေ ထွက်လာရော။ စင်ကြောက်စိတ်လည်း နည်းနည်းရှိတယ်။ အဲဒါလေးတွေပါပဲ။ နောက်ပိုင်းတော့ အဲဒီအခက်အခဲလေးတွေက အဆင်ပြေလာမယ်လို့ထင်ပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။

နော်ဖောအယ်ထားက လက်ရှိမှာတော့ ကြော်ငြာရိုက်ကူးတာ၊ အလှဓာတ်ပုံရိုက်ကူးတာ၊ ဇာတ်ကားတိုတွေရိုက်ဖြစ်တာပဲလုပ်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့လောက်အထိတော့ လောလောဆယ်မှာ မစဉ်းစားသေးဘူးလို့ဆိုပါတယ်။ အဓိကတော့ လွတ်လွတ်လပ်လပ် နေထိုင်ရတာကို သဘောကျတာကြောင့် စိတ်လက်ပေါ့ပါးတဲ့ အလုပ်လေးတွေလည်း ရွေးလုပ်ဖြစ်တယ်လို့ဆိုပါသေးတယ်။ နော်ဖောအယ်ထားကို ဂီတအသိုင်းအဝန်းက လူငယ်တေးသံရှင်တစ်ဦးရဲ့ ချစ်သူအဖြစ် ပရိသတ်အချို့က သိထားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ နော်ဖောအယ်ထားက “ထွေထွေထူးထူး မရှိပါဘူး။ ညီမက အသက်လည်းငယ်သေးတဲ့အခါကျတော့ လူငယ်သဘာ၀ အချစ်ဆိုတာတော့ ရှိပါတယ်။ အေးဆေးပါပဲ” လို့ ရယ်မောရင်း ဆိုပါတယ်။

နော်ဖောအယ်ထားက ဘဝရဲ့ဖြတ်သန်းမှုအတွက်ခံယူချက်အနေနဲ့ ရိုးရှင်းအေးချမ်းတဲ့ ဘဝကိုသာဖြတ်သန်းလိုပြီး စိတ်ပင်ပန်းမှုတွေနဲ့ဘဝကိုမကျော်ဖြတ်ချင်ဘူးလို့ ဆိုပါတယ်။ ဝါသနာပါရာအလုပ်တွေကို စိတ်အေးချမ်းစွာနဲ့ပဲ ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတိုမှာတော့ လူငယ်တွေကြားမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို ပညာပေးအနေနဲ့ ပုံဖော်နေတာ ဖြစ်ပြီး မကြာခင်အွန်လိုင်းကနေ လွှင့်တင်သွားမယ်လို့ဆိုပါတယ်။

ဒီတစ်ပတ်မှာတော့ လူမှုကွန်ရက်စာမျက်နှာတွေထက်ကတစ်ဆင့်ပဲ ပရိသတ်ချစ်ခင် အားပေးမှုပိုမိုရရှိလာသလို လက်ရှိမှာတော့ မော်ဒယ်တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေပြီဖြစ်တဲ့ နော်ဖောအယ်ထား ပြောပြခဲ့တဲ့ ငယ်စဉ်က အမှတ်တရပုံရိပ်တွေက စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်အနုပညာရှင်ရဲ့ ငယ်စဉ်က အမှတ်တရတွေကို ပြန်လည် လက်ဆင့်ကမ်း ပေးဦးမယ်ဆိုတာ စောင့်မျှော်ဖတ်ရှုပါဦးလို့ဆိုပါရစေ။

Most Read

Most Recent