ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ သရုပ်ဆောင်အဖြစ် ဂျော့ကလူနီ ဖော်ပြခံရ

ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ သရုပ်ဆောင်အဖြစ် ဂျော့ကလူနီ ဖော်ပြခံရ
Published 18 July 2018

ဟောလိဝုဒ်သရုပ်ဆောင် ဂျော့ကလူနီက ပြီးခဲ့သည့် ၁၂ လအတွင်း ဝင်ငွေ ဒေါ်လာ ၂၃၉ သန်းရရှိခဲ့ပြီး Forbes မဂ္ဂဇင်း၏ ကမ္ဘာတစ်ဝန်းဝင်ငွေ အများဆုံးရသရုပ်ဆောင်စာရင်းတွင် ဦးဆောင်ခဲ့သည်။ ယင်းသည် ဂျော့ကလူနီ၏ အနုပညာသက်တမ်း ၃၅ နှစ်အတွင်း ဝင်ငွေအများဆုံးရရှိမှုဖြစ်သည်ဟု Forbes က ဖော်ပြခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ရန်ဒီဂါဘာနှင့် မိုက်မဲလ်မန်တို့ ပူးတွဲတည်ထောင်ထားသည့် Casamigos ယမကာကုမ္ပဏီ၏ ရောင်းအားကြောင့် ကလူနီ၏ ဝင်ငွေမြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု Forbes Celebrity 100 စာရင်းအရ သိရသည်။

၂၀၁၇ ခုနှစ် ဇွန်မှ ၂၀၁၈ ခုနှစ် ဇွန်အထိ အခွန်မကောက်မီ ဝင်ငွေကို မန်နေဂျာများအတွက် ဝန်ဆောင်ခများမနုတ်မီ ဝင်ငွေ၊ Nielsen၊ Pollstar၊ IMDB တို့မှရရှိသည့် အချက်အလက်များနှင့် အနုပညာအသိုင်းအဝိုင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် အနုပညာရှင်များအား တွေ့ဆုံမေးမြန်းထားမှုကို အခြေခံပြီး Forbes က အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။

ကာဒစ်ရှန်ညီအစ်မများထဲတွင် အငယ်ဆုံးဖြစ်သည့် ခိုင်လီဂျန်နာသည် ဒေါ်လာ ၁၆၆ ဒသမ ၅ သန်းဖြင့် အဆိုပါစာရင်း၏ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

အသက် ၂၀ အရွယ်ရှိ ခိုင်လီသည် Kylie Cosmetics ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး အချိန်တိုအတွင်း အမေရိကန်၏ အသက်အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာတစ်ဦး ဖြစ်လာတော့မည်ဟုလည်း Forbes က ထုတ်ပြန်ခဲ့သည်။ ခိုင်လီ၏ဝင်ငွေသည် အစ်မဖြစ်သည့် ကင်ကာဒစ်ရှန်၏ ဝင်ငွေထက် သုံးဆကျော် မြင့်တက်လာသည်ဟု Forbes က ဆိုသည်။

သရုပ်ဆောင် ဒွိန်းဂျွန်ဆင်သည် ဒေါ်လာ ၁၂၄ သန်းဖြင့် Forbes မဂ္ဂဇင်း၏ ကမ္ဘာတစ်ဝန်း ဝင်ငွေအများဆုံးရ သရုပ်ဆောင်စာရင်းတွင် တတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။

အိုင်ယာလန်အမျိုးသား အဆိုတော်အဖွဲ့ U2 က ဒေါ်လာ ၁၂၄ သန်းဖြင့် အဆိုပါစာရင်း၏ စတုတ္ထနေရာနှင့် Coldplay အဖွဲ့က ဒေါ်လာ ၁၁၅ ဒသမ ၅ သန်းဖြင့် ပဉ္စမနေရာတွင် အသီးသီး ဖော်ပြခံခဲ့ရသည်။

Most Read

Most Recent