နေပြည်တော်တွင်တည်ဆောက်မည့် Film Zone ဆောက်လုပ်မည့်နေရာ၊ လတ်တလောသွားရောက်ရိုက်ကူးနိုင်မည့် နေရာများအား ဒါရိုက်တာများနှင့် ထုတ်လုပ်သူများ သွားရောက်လေ့လာ

နေပြည်တော်တွင်တည်ဆောက်မည့် Film Zone ဆောက်လုပ်မည့်နေရာ၊ လတ်တလောသွားရောက်ရိုက်ကူးနိုင်မည့် နေရာများအား ဒါရိုက်တာများနှင့် ထုတ်လုပ်သူများ သွားရောက်လေ့လာ
Published 17 July 2018

နေပြည်တော်တွင်တည်ဆောက်မည့် Film Zone ဆောက်လုပ်မည့်နေရာများ၊ လတ်တလော သွားရောက်ရိုက်ကူးမည့် နေရာများအား ဒါရိုက်တာများနှင့်ထုတ်လုပ်သူများ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးဆောင်ခေါ်ယူသွားခြင်းဖြစ်ကာ Film Zone တည်ဆောက်မည့် နေရာများ၊ နေပြည်တော်တွင်လတ်တလော သွားရောက်ရိုက်ကူးလိုပါကလည်း ရိုက်ကူး နိုင်မည့်နေရာများ၊ တည်းခိုနိုင်မည့် အခြေအနေများကို သွားရောက်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

မြန်မာရုပ်ရှင်ဇာတ်ကားများရိုက်ကူးမှုများ ပြားလာသည်နှင့်အမျှ နယ်ထွက်ရိုက် ကူးရေးများပြုလုပ်မှုလည်း ပိုမိုများပြားလာကာ ယင်းသို့နယ်ထွက်ရိုက်ကူးရေးများအတွက် အသုံးပြုနိုင်မည့်နေရာအဖြစ် နေပြည်တော်ရှိ အဆောက်အအုံများ၊ အပန်းဖြေနေရာများတွင် ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာရုပ်ရှင်ဇာတ်ကားများအား နယ်ထွက်ရိုက်ကူးရေးများ ပြုလုပ်ရာ၌ ပုဂံ၊ ပုပ္ပား၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပြင်ဦးလွင်စသည့်နေရာများတွင်သာ သွားရောက်ရိုက်ကူးလေ့ရှိသော်လည်း နေရာသစ်တစ်ခုအဖြစ် နေပြည်တော်ရှိ တည်ဆောက်ထားသော်လည်း နေထိုင်သူမရှိသည့် အဆောက်အအုံများအား ငှားရမ်း ခြင်းဖြင့်လည်းကောင်း၊ အပန်းဖြေနေရာများ၊ တပ်ကုန်းရှိ မြန်မာ့ရုပ်မြင်သံကြား စတူဒီယိုများနှင့်ဝန်းအတွင်းရှိ နေရာများ၌လည်းကောင်း ရိုက်ကူးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရုပ်ရှင်သမားအများစုက နယ်ထွက်ရိုက်ကူးမယ်ဆိုရင် ပြင်ဦးလွင်က အသွားများပါတယ်။ ပြင်ဦးလွင်ဟာ ဒုတိယအိမ်လို့တောင်ဖြစ်နေကြပါပြီ။ ပြင်ဦးလွင်မှာက လူမနေတဲ့အိမ်တွေကို ငှားရမ်းရိုက်ကူးနိုင်သလို အားလုံးက ခင်မင်နေကြပြီဖြစ်တဲ့အတွက် အများကြီး ညှိနှိုင်းစရာမလိုဘူး။ ကျွန်တော်တို့ ရုပ်ရှင်ရိုက်နေလို့လည်း နှောင့်ယှက်မယ့်သူ မရှိပါဘူး။ ဒီအတွက်အဆင်ပြေပြေနဲ့ သွားရောက်ရိုက်ကူးနေကြတာပါ။ နေပြည်တော်ကိုတော့ ရိုက်စရာနေရာတွေ ရှိမှန်းသိပေမယ့် ကင်မရာနဲ့သွားရိုက်တာနဲ့ကို  အကြိမ်ကြိမ် လာမေးတာတွေကြုံရတာမျိုးရှိတော့ ရုပ်ရှင်သမားအများစုက မသွားဖြစ်ကြတာပါ။ အခုကတော့ နေပြည်တော်ကို သွားရောက်ရိုက်ကူးတဲ့အခါ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ရော နေပြည်တော်ကောင်စီအနေနဲ့ပါ ကူညီပေးမယ်လို့ ကတိပြုထားတာကြောင့် ပိုမိုလွယ်ကူအဆင်ပြေမယ်လို့ ထင်ပါတယ်။ ရိုက်စရာနေရာတွေလည်း တကယ်အများကြီးရှိတာကြောင့် ရိုက်ကွင်းနေရာအသစ်တွေ ဖြစ်လာမှာပါ။ တည်းခိုစရာအတွက်လည်း စက်အဖွဲ့သားတွေက အစသက်သက်သာသာနဲ့ တည်းခိုနိုင်ဖို့ရှာဖွေ ညှိနှိုင်းထားပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ဆိုသည်။

နေပြည်တော်တွင် တည်ဆောက်ထားသည့် တိရစ္ဆာန်ရုံ၊ ဆာဖာရီဝေါလ်၊ ဆင်ဖြူတော်စခန်း၊ ဗုဒ္ဓဂါယာပုံစံတူ တည်ဆောက်ထားသည့် နေရာများ၊ ပြည်နယ်နှင့်တိုင်း အသီးသီးရှိထင်ရှားသော အမှတ်အသား များအားပြန်လည်ပြသထားသည့် နေရာများ စသည့်ထင်ရှားသည့် နေရာများတွင် လှည့်လည်ရိုက်ကူးနိုင်မည်ဖြစ်ကာ အိမ်များ၊ ရပ်ကွက်များအတွက်လည်း ရိုက်ကူးနိုင်မည့် နေရာများရှိကြောင်း သိရသည်။

ထို့ပြင် တပ်ကုန်းရှိ မြန်မာ့ရုပ်မြင်သံကြားဝင်းအတွင်းတွင် ဖျော်ဖြေပွဲများပုံစံ ရိုက်ကူးနိုင်မည့် စင်မြင့်များ၊ ဆက်တင်များ တည်ဆောက်ရိုက်ကူးနိုင်မည့် စတူဒီယိုများ၊ ဝင်းအတွင်းရှိနေရာများ၊ လူနေအိမ်အဖြစ် အသုံးပြုနိုင်မည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးခန်း၊ ဆေးရုံပုံစံအဖြစ် ရိုက်ကူးနိုင်မည့်နေရာများလည်းရှိသည်။

Most Read

Most Recent