သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

သရုပ်ဆောင်တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း
Published 17 July 2018

‘တက္ကသိုလ်ရဲ့အငွေ့အသက်တွေကို ခံစားရမှာဖြစ်သလို အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ် အနေနဲ့လည်း တွေ့မြင်ရမှာပါ’

■မေး - ကြွေ ဇာတ်ကားကို ဘယ်လိုရိုက်ကူးဖြစ်ခဲ့တာလဲ။

■ ဖြေ - ဒီဇာတ်ကားက ကျွန်တော်နဲ့ ကိုဘိုဆန်းနဲ့ ဒုတိယမြောက်ရိုက်ဖြစ်တဲ့ ဇာတ်ကားပါ။ ဆရာမင်းလူရဲ့ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုဆိုတဲ့ ဇာတ်ကားပါ။ ဒီဝတ္ထုလေးကိုဖတ်ပြီးတဲ့အချိန်မှာ အရမ်းကြိုက်တယ်။ အရမ်းလည်း ရိုက်ချင်တယ်။ ဒါကြောင့်ကိုဘိုဆန်းကိုပြပြီး တိုင်ပင်ပြီးတော့ ရိုက်ဖြစ်သွားတာပါ။

■ မေး - ခေါင်းဆောင်မင်းသားအနေနဲ့ ပါရတာဆိုတော့ ဘယ်လိုစိတ်ခံစားမှုရှိခဲ့လဲ။

■ ဖြေ - စိုးရိမ်တာတွေရော၊ စိတ်လှုပ်ရှားတာတွေရော အများကြီးပါပဲ။  ပရိသတ်တွေကျေနပ်ပါ့မလား၊ ဆရာ့ဝတ္ထုထဲက ဇာတ်ကောင်အတိုင်း လုပ်နိုင်ပါ့မလားဆိုတာတွေ အများကြီးစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်သလောက်တော့ ကြိုးစားခဲ့ပါတယ်။

■ မေး - ငါ့ကိုနမ်းတဲ့မုန်တိုင်းဇာတ်ကားကလည်း ပရိသတ်တွေကြိုက်တယ်ဆိုတော့ အခုဒီဇာတ်ကားအတွက်ရော ဘယ်လောက်မျှော်လင့်ထားလဲ။

■ ဖြေ - ပထမကားတုန်းက ပရိသတ်တွေလက်ခံတယ်ဆိုပေမယ့် အခုဒီဇာတ်ကားလည်း အဲဒီလိုပရိသတ်တွေအများကြီး လက်ခံမယ်လို့ တော့မျှော်လင့်မထားဘူး။ ဒါပေမဲ့ ပါဝင်တဲ့ ကျွန်တော်တို့အားလုံးက  အစွမ်းကုန်ကြိုးစားထားတဲ့အတွက် သင့်တင့်လျောက်ပတ်တဲ့ အောင်မြင်မှုရမယ်။ လာကြည့်တဲ့ပရိသတ်တွေက မဆိုးပါဘူးဆိုတဲ့ မှတ်ချက်မျိုးလေးရမယ်ဆိုရင် ကျေနပ်မိမှာပါ။

■ မေး - ဒီဇာတ်ကားရိုက်ကူးတုန်းကဘယ်လို အခက်အခဲတွေရှိခဲ့လဲ။

■ ဖြေ - အခက်အခဲတွေတော့ရှိပါတယ်။ ကျွန်တော်က အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းမှာတော့ အရမ်းကျွမ်းကျင်နေတဲ့သူ မဟုတ်ဘူးလေ။ စရိုက်ကတည်းက ကိုယ်လုပ်ရမယ့်ဇာတ်ရုပ်ကို စိတ်ထဲမှာ သေချာသွင်းထားပြီး ကြိုးစားရပါတယ်။ မူရင်းဇာတ်ရုပ်နဲ့လွဲချော်မှု မရှိအောင်ကြိုးစားရပါတယ်။

■ မေး - ငါ့ကိုနမ်းတဲ့မုန်တိုင်းနဲ့ ဒီဇာတ်ကားနဲ့ ကွာခြားချက်ဆိုရင်ရော။

■ ဖြေ - အများကြီးကွာခြားပါတယ်။ ငါ့ကိုနမ်းတဲ့မုန်တိုင်းဇာတ်ကားက ဒရာမာဆိုတော့ ပူဆွေးတာတွေ၊ ကြေကွဲတာတွေပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ကားလေး။ တက္ကသိုလ်နောက်ခံ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည်နူးရတာတွေကို ခံစားရမှာဖြစ်သလို ပေါ့ပေါ့ပါးပါး ဇာတ်ကားမျိုးပါ။

■ မေး - ဒီဇာတ်ကားထဲမှာ အမှတ်တရဖြစ်နေတဲ့ ဇာတ်ဝင်ခန်းတစ်ခုဆိုရင်ရော။

■ ဖြေ - ဒီဇာတ်ကားထဲမှာ အမှတ်တရ ဖြစ်တာဆိုရင် ကျွန်တော်က ကိုယ်ချစ်တဲ့ကောင်မလေးရဲ့ ဖိနပ်လေးကို သုတ်ပေးတဲ့ ဇာတ်ဝင်ခန်း ပေါ့။ အဲဒီဇာတ်ဝင်ခန်းမှာ ပြောရတဲ့ ဒိုင်ယာလော့ခ်တွေလည်း ကြိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သဘောကျတယ်။

■ မေး - နောက်ထပ်ရော ဇာတ်ကားတွေ ရိုက်ဖြစ်ဦးမလား။

■ ဖြေ - အခွင့်အရေးအပေါ် မူတည်ပါတယ်။ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုး၊ ပရိသတ်က ရိုက်စေချင်တဲ့ ဇာတ်လမ်းမျိုးလေးဆိုရင် ရိုက်ဖြစ်မှာပါ။

■ မေး - ကြွေ ဇာတ်ကားက ရုံတင်တော့မှာဆိုတော့ စိုးရိမ်စိတ်ရှိလား။

■ ဖြေ - စိုးရိမ်စိတ်တော့ရှိပါတယ်။ ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားတုန်းက ရဲရင့်အောင်နဲ့ နှစ်ယောက်တွဲပြီး သရုပ်ဆောင်တာဆိုတော့ ကောင်းရင်လည်းနှစ်ယောက်တွဲပြီး ချန်ပီယံဖြစ်မယ်။ မကောင်းရင်လည်း နှစ်ယောက်အတူပေါ့။ ဆိုးတူကောင်းဖက်ရှိတယ်ပေါ့။ အခု ဒီဇာတ်ကားမှာက ကိုယ်တစ်ယောက်တည်း အဓိကလုပ်ထားရတာလည်း ဖြစ်တယ်။ ဒီဇာတ်ကားသာပရိသတ်နဲ့ အစပ်အဟပ်မတည့်မှာလည်း ကြောက်တယ်။ ပရိသတ်တွေကိုလည်း ဝန်းရံစေချင်ပါတယ်။

■ မေး - ဆရာမင်းလူရဲ့ဝတ္ထုကိုပြန်ပြီးရိုက်ထားတာဆိုတော့ ဝတ္ထုအတိုင်းပဲ ပြန်ပြီးရိုက်ထားတာလား။

■ ဖြေ - ဝတ္ထုက ထွက်ထားတာနည်းနည်းကြာသွားပြီဆိုတော့ တချို့ခေတ်ကာလနဲ့မလိုက်ဖက်တဲ့ ဒိုင်ယာလော့ခ်လေးတွေနည်းနည်း  ပြင်တာကလွဲရင် ဝတ္ထုထဲကအတိုင်းပဲ ပုံဖော်ထားတာပါ။ တချို့ ရိုက်ခွင့်မရခဲ့တဲ့နေရာတွေတော့ ရှိတာပေါ့။ ဥပမာ-ဂျက်ဆင်ပေါ်က ညောင်ရွက်ခူးတဲ့ ဇာတ်ဝင်ခန်းဆိုရင် ဂျက်ဆင်ပေါ်မှာ ရိုက်ခွင့်မရဘူး။ ဂျက်ဆင်က ဟောင်းလည်းဟောင်းနေတော့ အန္တရာယ်ရှိမှာစိုးလို့ပေါ့။

■ မေး - သီချင်းခွေသစ်ရော ထွက်ဖြစ်ဖို့ရှိမလား။

■ ဖြေ - ရှိပါတယ်။ ဒီနှစ်ထဲမှာပဲထွက်နိုင်အောင် ကြိုးစားနေပါတယ်။

■ မေး - One Man Show လုပ်မယ်ဆိုပြီး မလုပ်ဖြစ်သေးဘူးနော်။

■ ဖြေ - ကျွန်တော့် One Man Show က သီချင်း အပုဒ် ၃၀ ဖျော်ဖြေမယ်ဆိုရင် အဲဒီအပုဒ် ၃၀ လုံးကို အောင်မြင်တဲ့ သီချင်းတွေချည်းပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် သီချင်းတွေလည်းစောင့်နေရင်းနဲ့ မလုပ်ဖြစ်သေးတာပါ။ Indoor မှာပဲ ကျွန်တော့်ရဲ့ hard core fan တွေနဲ့ သီချင်းတွေဆိုပြ၊ သူတို့ကလည်း သီချင်းတွေလိုက်ဆိုနဲ့ အဲဒီလို ပွဲမျိုးလုပ်ချင်ပါတယ်။

Most Read

Most Recent