အိုင်ယာလန်တေးသံရှင်နှစ်ဦး၏ ဖျော်ဖြေမှု၊ ချစ်ကောင်းနှင့် အိမ့်ချစ်တို့၏ဖျော်ဖြေမှု၊ ဖက်ရှင်ရှိုးများပါဝင်မည့် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်မည်

အိုင်ယာလန်တေးသံရှင်နှစ်ဦး၏ ဖျော်ဖြေမှု၊ ချစ်ကောင်းနှင့် အိမ့်ချစ်တို့၏ဖျော်ဖြေမှု၊ ဖက်ရှင်ရှိုးများပါဝင်မည့် ရန်ပုံငွေဖျော်ဖြေပွဲ ပြုလုပ်မည်
Published 16 July 2018

အိုင်ယာလန်တေးသံရှင်နှစ်ဦး၏ ဖျော်ဖြေမှု၊ တေးသံရှင်ချစ်ကောင်းနှင့် အိမ့်ချစ်တို့၏ ဖျော်ဖြေမှု၊ ဖက်ရှင်ရှိုးအစီအစဉ်များပါဝင်မည့်  ရန်ပုံငွေဖျော်ဖြေပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ Chatrium Hotel  ၌ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါရန်ပုံငွေ ဖျော်ဖြေပွဲအစီအစဉ်တွင် အိုင်ယာလန်နိုင်ငံမှ Trumpeter Niall O’ Sullivan နှင့် တေးသံရှင် Sho’na Henneberry တို့ကဖျော်ဖြေမည် ဖြစ်သည်။ ထို့အပြင် တေးသံရှင်ချစ်ကောင်းနှင့် အိမ့်ချစ်တို့သားအဖနှစ်ဦး၏ တေးသီချင်းများ ဖြင့်ဖျော်ဖြေတင်ဆက်မှုများလည်းပါဝင်မည် ဖြစ်သည်။

ယင်းဂီတဖျော်ဖြေပွဲတွင် အိုင်ယာလန် တေးသံရှင်နှစ်ဦးက classic ဂီတ၊ Jazz ဂီတများနှင့်ဖျော်ဖြေမည်ဖြစ်ကာ ထိပ်တန်းဒီဇိုင်နာများ၏ ဖက်ရှင်ရှိုးအစီအစဉ်များလည်းပါဝင်မည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင်ရရှိလာသည့် အကျိုးအမြတ်များအား အကြားအာရုံချို့တဲ့သူများ၊ မိဘမဲ့ကလေးငယ်များနှင့်မသန်စွမ်း ကလေးငယ်များအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီအစီအစဉ်က နှစ်စဉ်ပြုလုပ်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အစီအစဉ်ကနေ ရလာတဲ့အကျိုးအမြတ်တွေကို အကြားအာရုံ ချို့တဲ့သူတွေ၊ မိဘမဲ့ကလေးတွေနဲ့ မသန်စွမ်း ကလေးတွေအတွက် ရန်ပုံငွေအဖြစ်လှူဒါန်းသွားမှာပါ။ ဒါကြောင့် ဒီပွဲလေးကို လာရောက်ပါဝင်ဆင်နွဲှရင်း ကုသိုလ်ပါဝင်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်မှတ်ရောင်းချသွားမယ့် အစီအစဉ် တွေလည်းမကြာခင် ကြေညာပေးသွားပါမယ်” ဟု အဆိုပါဖျော်ဖြေပွဲနှင့်ပတ်သက်၍ စီစဉ်သူတစ်ဦးက ဆိုသည်။

အဆိုပါရန်ပုံငွေဂီတဖျော်ဖြေပွဲတွင် Stars International Event Production မှလည်း ပူးပေါင်းစီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်းချမည့်နှုန်းထားများနှင့် စတင်ရောင်းချမည့် နေ့ရက်များအား မကြာခင်ကြေညာပေးသွားမည် ဖြစ်သည်။ အိုင်ယာလန်အနုပညာရှင်နှစ်ဦးမှာ မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် လာရောက်မည်ဖြစ်သည်။         လင်းလင်းခိုင်

Most Read

Most Recent