ဝေဖန်မှုများကြောင့် Rub and Tug ဇာတ်ကားရိုက်ကူးရေးမှ စကားလက်ဂျိုဟန်ဆန် နုတ်ထွက်

ဝေဖန်မှုများကြောင့် Rub and Tug ဇာတ်ကားရိုက်ကူးရေးမှ စကားလက်ဂျိုဟန်ဆန် နုတ်ထွက်
Published 15 July 2018

 

အမျိုးသားအဖြစ် ခွဲစိတ်ပြုပြင်ထားသည့် ဇာတ်ဆောင်နေရာတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့မှုကြောင့် LGBT အသိုင်းအဝိုင်း၏ ဒေါသတကြီးဝေဖန်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ယင်းဇာတ်ကားရိုက်ကူးရေးအစီအစဉ်မှ နုတ်ထွက်ခဲ့သည်ဟု စကားလက်ဂျိုဟန်ဆန်က ဇူလိုင် ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အနှိပ်ခန်းဖွင့်လှစ်ခဲ့သည့် ပြည့်တန်ဆာဂိုဏ်း ခေါင်းဆောင် Dante 'Tex' Gill အကြောင်း ရိုက်ကူးမည့် Rub & Tug ဇာတ်ကားတွင် စကားလက်ဂျိုဟန်ဆန်က အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားခဲ့သော်လည်း အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲခံယူခဲ့သည့် Dante'Tex'Gill ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရန် မူလက လက်ခံခဲ့သည်။

ယင်းဇာတ်ဆောင်နေရာတွင် စကားလက်ဂျိုဟန်ဆန်အစား လိင်ပြောင်းထားသည့် သရုပ်ဆောင်တစ်ဦးသာ ပါဝင်သင့်သည်ဆိုသော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဂျိုဟန်ဆန်ကို ယင်းဇာတ်ဆောင်အတွက် ကမ်းလှမ်းခြင်းသည် လိင်ပြောင်းသရုပ်ဆောင်များကို အကန့်အသတ်ရှိသော အခွင့်အရေးသာပေးမှုကို ပြသခြင်းဖြစ်ကြောင်း ဝေဖန်သူအချို့က ဆိုသည်။

Amazon ကထုတ်လွှင့်သည့် Transparent ဇာတ်လမ်းတွဲတွင်ပါဝင်ခဲ့သည့် သရုပ်ဆောင် ထရေ့စ်လိုင်ဆက်တီက ယင်းသည် ဟောလိဝုဒ်တွင် ကျယ်ပြန့်သည့်ပြဿနာတစ်ခုကို ကိုယ်စားပြုမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

Dante'Tex'Gill  အဖြစ် သရုပ်ဆောင်မယ်လို့ ပထမဆုံး ထုတ်ပြောပြီးတဲ့နောက်မှာ LGBT အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေကို ကျွန်မ ကြားသိခဲ့ရတယ်။ Dante ရဲ့ ဘဝဇာတ် ကြောင်းကို ပုံဖော်ရိုက်ကူးဖို့ အခွင့်အရေးကို ကျွန်မ သဘောကျတဲ့အချိန်မှာ ဒီဇာတ်ဆောင်အတွက် လိင်ပြောင်းထားတဲ့ သရုပ်ဆောင်တစ်ဦးသာ သရုပ်ဆောင်သင့်တယ်လို့ ပြောကြတာကို ကျွန်မ နားလည်လာတယ်” ဟု ဂျိုဟန်ဆန်က Out မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

Rub & Tug ဇာတ်ကား ရိုက်ကူးရေးအစီအစဉ်မှ ဂျိုဟန်ဆန်နုတ်ထွက်ခဲ့မှုနှင့်ပတ်သက်ပြီး ထုတ်လုပ်ရေးကုမ္ပဏီက မှတ်ချက်မပေးသေးပေ။

ဂျိုဟန်ဆန်၏ နှုတ်ထွက်ခဲ့မှုနှင့်ပတ်သက်ပြီး လိင်ပြောင်းလဲခံယူထားသူများ အသိုင်းအဝိုင်းက ချီးကျူးခဲ့ကြသော်လည်း တန်းတူညီမျှ အခွင့်အရေးအတွက် ကာလကြာခရီးနှင်ရဦးမည်ဟု ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂျိုဟန်ဆန်သည် နာမည်ကျော် ဂျပန် စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကို အခြေပြုရိုက်ကူးသည့် Ghost in the Shell ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ကောင်ကြောင့်လည်း ၂၀၁၆ ခုနှစ်တွင် ဝေဖန်ခံခဲ့ရသည်။

Most Read

Most Recent