Game of Thrones ဇာတ်လမ်းတွဲက Emmy ဆန်ခါတင်စာရင်းတွင် ဆု ၂၂ ဆုဖြင့် ဦးဆောင်

Game of Thrones ဇာတ်လမ်းတွဲက Emmy ဆန်ခါတင်စာရင်းတွင် ဆု ၂၂ ဆုဖြင့် ဦးဆောင်
Published 14 July 2018

ရုပ်သံလောက၏ဂုဏ်သတင်းကြီးသော ဆုပေးပွဲတစ်ခုဖြစ်သည့် Emmy ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းများကို ဇူလိုင် ၁၂ ရက်က ထုတ်ပြန်ခဲ့ရာ HBO ရုပ်သံ၏ စိတ်ကူးယဉ်ဇာတ်လမ်းတွဲ Game of Thrones က အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆု အပါအဝင် ဆု ၂၂ ဆုဖြင့် ဦးဆောင်ခဲ့သည်။

ခုနစ်ပြည်ထောင်မှ တော်ဝင်မိသားစုဝင်များက Iron Throne အတွက် သွေးထွက်သံယို အာဏာယှဉ်ပြိုင်မှုအကြောင်း ရိုက်ကူးထားသည့် Game of Thrones ဇာတ်လမ်းတွဲသည်  အဓိကဆုများအတွက် Saturday Night Live အစီအစဉ်နှင့် Westworld ဇာတ်လမ်းတွဲတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာဏာယှဉ်ပြိုင်မှု၊ အကြမ်းဖက်မှုနှင့် အဖော်အချွတ်ဇာတ်ဝင်ခန်းများအတွက် ဝေဖန်ခံခဲ့ရသော်လည်း ယင်းဇာတ်လမ်းတွဲသည်  HBO ရုပ်သံအတွက် စံချိန်တင်သည့် ရုပ်သံကြည့် ပရိသတ်နှုန်းကို ရရှိစေခဲ့သည်။ ၂၀၁၁ ခုနှစ်က စတင်ထုတ်လွှင့်ခဲ့သည့် ယင်းဇာတ်လမ်းတွဲသည် Emmy ဆု  ၃၈ ဆု ရရှိခဲ့သည်။ Game of Thrones ၏ Season 8 ကို ၂၀၁၉ ခုနှစ်တွင် ထုတ်လွှင့်မည်ဖြစ်သည်။

NBC ရုပ်သံမှထုတ်လွှင့်သည့် Saturday Night Live ရုပ်သံအစီအစဉ်နှင့် HBO ရုပ်သံမှ ထုတ်လွှင့်သည့် စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွဲ Westworld သည် ဆု ၂၁ ဆုစီအတွက် လျာထားခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ် Emmy ဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်လမ်းတွဲဆု ရရှိခဲ့သည့် A Handmaid's Tale က ဆု ၂၀ အတွက် လျာထားခံခဲ့ရသည်။

FX ရုပ်သံက ထုတ်လွှင့်သည့်ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွဲ The Assassination of Gianni Versace သည် Emmy ဆု ၁၈ ဆု အတွက် လျာထားခံခဲ့ရသည်။ ဒါရန်းခရစ်၊ ပီနီလုခရုဇ်၊ အက်ဂါရာမီရက်ဇ်နှင့် ရစ်ကီမာတင်တို့ ပါဝင်သည့် ယင်းဇာတ်လမ်းတွဲသည် ယခုနှစ် Emmy ဆုပေးပွဲ၏ သရုပ်ဆောင်ဆုများကို သိမ်းပိုက်နိုင်ခြေရှိသည်ဟု ခန့်မှန်းထားသည်။

ယခုနှစ် Emmy ဆုဆန်ခါတင်စာရင်းတွင် Netflix က စုစုပေါင်းဆု ၁၁၂ ဆုဖြင့် ဦးဆောင်ခဲ့ပြီး ယင်းနောက်တွင် HBO က ၁၀၈ ဆုဖြင့် ဒုတိယနေရာနှင့် NBC က ဆု ၇၈ ဆုဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

Most Read

Most Recent