ခိုင်လီဂျန်နာက အမေရိကန်၏ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ဦးဖြစ်လာတော့မည်

ခိုင်လီဂျန်နာက အမေရိကန်၏ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ဦးဖြစ်လာတော့မည်
Published 13 July 2018

ကာဒစ်ရှန်မိသားစု၏ အသက်အငယ်ဆုံး မိသားစုဝင်ဖြစ်သည့် ခိုင်လီဂျန်နာသည် အမေရိကန်၏ အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ဦး ဖြစ်လာတော့မည်ဟု Forbes မဂ္ဂဇင်းက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီတွင် သမီးတစ်ဦးမွေးဖွားခဲ့သည့် အသက် ၂၀ အရွယ်ရှိ ဂျန်နာသည် လွန်ခဲ့သည့် သုံးနှစ်တွင် Kylie Cosmetics ကုမ္ပဏီကိုထူထောင်ခဲ့ပြီး အလှပြင်ပစ္စည်းများ ထုတ်လုပ်ရောင်းချခဲ့ရာ ဒေါ်လာ သန်း ၆၃၀ ကျော် ရရှိခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။

ဂျန်နာ၏ Kylie Cosmetics ကုမ္ပဏီသည် ဒေါ်လာ သန်း ၈၀၀ ခန့် တန်ဖိုးရှိပြီး ဂျန်နာသည် ယင်းကုမ္ပဏီ အပြင် ရုပ်သံအစီအစဉ်ရိုက်ကူးမှုနှင့် ကြော်ငြာရိုက်ကူးမှုတို့မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း ၉၀၀ ရရှိခဲ့သည်ဟု  Forbes က ခန့်မှန်းခဲ့သည်။ ဂျန်နာသည် ၂၉ ဒေါ်လာတန် နှုတ်ခမ်းနီနှင့် နှုတ်ခမ်းအနားကွပ် တစ်စုံပါဝင်သည့် Lip Kit ဖြင့် စတင်ခဲ့သည့် Kylie Cosmetics ကုမ္ပဏီကို တစ်ဦးတည်းပိုင်ဆိုင်သူ ဖြစ်သည်။

ဂျန်နာသည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် အချမ်းသာဆုံးကိုယ်ထူးကိုယ်ချွန် အမေရိကန်အမျိုးသမီး စာရင်းတွင် အသက်အငယ်ဆုံးအမျိုးသမီးအဖြစ် ဖော်ပြခံခဲ့ရပြီးဖြစ်သည်။ ဂျန်နာသည် အသက် ၂၃ နှစ် အရွယ်တွင် ကိုယ်ထူးကိုယ်ချွန်ဘီလျံနာဖြစ်လာသည့် မက်ဇူကာဘတ်ကို ကျော်တက်ပြီး အသက်အငယ်ဆုံး ကိုယ်ထူးကိုယ်ချွန်ဘီလျံနာတစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။ လူမှုမီဒီယာတွင် သြဇာအရှိန်အဝါ ကြီးထွားမှုသည်လည်း ဂျန်နာကို အောင်မြင်စေသည့် အကြောင်းအရာဖြစ်သည်။ ဂျန်နာသည် Instagram တွင် Follower သန်း ၁၁၀ ကျော်၊ Twitter တွင် Follower ၂၅ ဒသမ ၆ သန်းရှိသည်။

ဂျန်နာသည် ခရစ်ကာဒစ်ရှန်နှင့်  အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဝီလျံဘရုစ်ဂျန်နာ (ယခုအခါ ခွဲစိတ် ပြီး အမျိုးသမီးအဖြစ်ခံယူကာ Caitlyn Jenner ဟု အမည်ပြောင်းခဲ့သည်။) တို့၏ သမီးအငယ်ဆုံးဖြစ်သည်။ စူပါမော်ဒယ်ကင်ဒဲဂျန်နာသည် ခိုင်လီဂျန်နာ၏ အစ်မဖြစ်သည်။ ကင်ကာဒစ်ရှန်၊ Kourtney နှင့် ကိုးလ်ကာဒစ်ရှန်တို့သည် ဂျန်နာ၏ အမေတူအဖေကွဲအစ်မများ ဖြစ်သည်။

Keeping Up With the Kardashians ရုပ်သံအစီအစဉ်သည် ခိုင်လီဂျန်နာ အသက် ၁၀ နှစ်အရွယ်တွင် စတင်ခဲ့သည်။ ဂျန်နာသည်  အသက် ၁၇ နှစ်အရွယ်တွင် Kylie Cosmetics ကို စတင်ထူထောင်ခဲ့သည်။  ဂျန်နာသည် ပထမဆုံး Lip Kit  ၁၅,၀၀၀ ထုတ်လုပ်ရန်အတွက် မော်ဒယ်လုပ်ငန်းမှရရှိသည့်ဝင်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ကို အသုံးပြုခဲ့သည်ဟု Forbes က ထုတ်ပြန်ခဲ့သည်။ ဂျန်နာက ယင်းနှုတ်ခမ်းနီများ စမ်းသပ်အသုံးပြုမှုအား Instagram တွင် လနှင့်ချီ ပြသခဲ့သည်။ ထို Lip Kit ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာတွင် စတင်ရောင်းချခဲ့ရာတွင် တစ်မိနစ်မပြည့်မီ လက်ကျန်မရှိ ရောင်းကုန်ခဲ့သည်။ ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Keeping Up With the Kardashians အစီအစဉ်တစ်ခုတွင် ဂျန်နာက ၎င်း၏ပင်ကိုနှုတ်ခမ်းကြောင့် ယုံကြည်စိတ်ချမှုမရှိ ဖြစ်ရသည့်အတွက် ယာယီ Filler လုပ်ချင်သည်ဟု ပြောကြားခဲ့သည်။ နှုတ်ခမ်းကို ယာယီ Filler လုပ်ခဲ့သည်ဟု ယခုနှစ် မေတွင် ဝန်ခံခဲ့သည်။ နှုတ်ခမ်းစူစူပုံမျိုးဖြစ်အောင် နှုတ်ခမ်းကို ဆေးထိုးမှုအား စွန့်လွှတ်တော့မည်ဟု ဂျန်နာက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent