ပြည်တွင်း ရုပ်ရှင်ပွဲတော်၌ မြောက်ကိုရီးယားဇာတ်ကားများ ပြသရန် တောင်ကိုရီးယားက ခွင့်ပြု

ပြည်တွင်း ရုပ်ရှင်ပွဲတော်၌ မြောက်ကိုရီးယားဇာတ်ကားများ ပြသရန် တောင်ကိုရီးယားက ခွင့်ပြု
Published 12 July 2018

တောင်ကိုရီးယားနှင့်မြောက်ကိုရီးယား ခေါင်းဆောင်များအကြား အထင်ကရ ထိပ်သီး ဆွေးနွေးပွဲနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သံတမန်ဆက်ဆံရေး ပျော့ပျောင်းလာစဉ်အတွင်း ပြည်တွင်းရုပ်ရှင်ပွဲတော်တစ်ခု၌ မြောက်ကိုရီးယားဇာတ်ကားများပြသရန် တောင်ကိုရီးယားအစိုးရက ဇူလိုင် ၁၀ ရက်တွင် မကြုံစဖူးခွင့်ပြုခဲ့သည်။

ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်းမရှိဘဲ အဆုံးသတ်ခဲ့သည့် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး တောင်နှင့်မြောက်ကိုရီးယားနိုင်ငံသည် စစ်ဖြစ်နေဆဲဖြစ်ပြီး နှစ်နိုင်ငံအစိုးရ၏ ထောက်ခံချက်မရဘဲ ခရီးသွားလာမှုများ၊ စာအဆက်အသွယ်ပြုမှုနှင့် အီးမေးလ်ပို့မှုများ ပါဝင်သည့် နယ်စပ်ဖြတ်ကျော်အရပ်သား ထိတွေ့ဆက်ဆံမှုအားလုံးကို ပိတ်ပင်ခဲ့သည်။

သို့သော်ဆိုးလ်မြို့စွန်၌  ဇူလိုင် ၁၂ ရက်မှစပြီး ကျင်းပမည့် Bucheon International Fantastic ရုပ်ရှင်ပွဲတော်တွင် မြောက်ကိုရီးယား ရုပ်ရှင်ဇာတ်ကားသုံးကားနှင့် ဇာတ်လမ်းတို ရုပ်ရှင်ခြောက်ကားပြသမည်ကို  တောင်ကိုရီးယားတာဝန်ရှိသူများက ခွင့်ပြုပေးခဲ့သည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားရုပ်ရှင်ဇာတ်ကား သုံးကားတွင်၂၀၁၆ ခုနှစ်က ဖြန့်ချိခဲ့သည့် မိဘမဲ့ မောင်နှမသုံးဦးက အတူနေထိုင်ရန် ကြိုးစားသည့်အကြောင်း ရိုက်ကူးထားသည့် The Story of Our Home နှင့် ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့သည့် ကျွမ်းဘားသမားတစ်ဦးဖြစ်လိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့သည့် မိုင်းအလုပ်သမားတစ်ဦးအကြောင်း ရိုက်ကူးထားသည့် အချစ်ဇာတ်မြူးဇာတ်ကား Comrade Kim Goes Flying တို့ ပါဝင်မည်ဖြစ်သည်။ ဗြိတိန်၊ ဘယ်လ်ဂျီယံနှင့် မြောက်ကိုရီးယားတို့ ပူးတွဲထုတ်လုပ်ခဲ့သည့် The Latter ဇာတ်ကားကို တိုရွန်တိုအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်နှင့်တောင်ကိုရီးယားတွင် ကျင်းပခဲ့သည့် ဘူဆန် အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်တို့တွင် ယခင်ကပြသခဲ့ဖူးသည်။

မြောက်ကိုရီးယားဒါရိုက်တာများကိုလည်း ဖိတ်ကြားရန်ကြိုးစားခဲ့သော်လည်း  တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ယဉ်ကျေးမှုနှင့်  ရုပ်ပုံများကို လူထုကို ပြသမှုအတွက် ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ထောက်လှမ်းရေးအေဂျင်စီအပါအဝင်  အစိုးရအဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များရရှိရန် လိုအပ်သည်။

တောင်ကိုရီးယား သမ္မတမွန်းဂျေအင်း လက်ထက်တွင် နယ်စပ်ဖြတ်ကျော် ဆက်ဆံ ရေးနွေးထွေးမှုရှိလာခဲ့ပြီး ဧပြီတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။တောင်ကိုရီးယား အစိုးရ၏ဖိတ်ကြားချက်အရ ပြုံယမ်းက မြောက်ကိုရီးယားအားကစားသမားများနှင့် အကြီးတန်းတာဝန်ရှိသူများကို တောင်ကိုရီးယား ဆောင်းရာသီအားကစားပွဲတော်သို့ စေလွှတ်ခဲ့သည်။ တောင်ကိုရီးယားဘတ်စကက် ဘောကစားသမားများသည်လည်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပြုံယမ်းသို့  သွားရောက်ခဲ့သည်။

Most Read

Most Recent